DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများနှင့်အတူ ရပ်တည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော 
DVB
·
August 26, 2024
ရိုဟင်ဂျာများနှင့်အတူ ရပ်တည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော 
Donate to DVB

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူတွေနဲ့  တသားတည်း ရပ်တည်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်  အောက်မေ့သတိရတဲ့အနေနဲ့ သြဂုတ် ၂၄ က သတင်းထုတ်ပြန်ရာမှာ  နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က ပြောကြားလိုက်တာပါ။

ရိုဟင်ဂျာအသိုက်အဝန်းတွေနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူတွေအတွက် လိုအပ်တဲ့ကူညီမှုတွေပေးအပ်ရန် သံန္နိဋ္ဌာန်ချထားတယ်လို့ လည်း ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်တွေ့ကြုံနေကြရတဲ့ အခက်အခဲတွေကို  ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းတဲ့အနာဂတ်တခုကို ဆန္ဒပြင်းပြနေတဲ့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံမှု မပြောင်းမလဲ တည်မြဲနေသလို အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြဖို့လည်း ဝန်ကြီး ဘလင်ကန်က တောင်းဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံကလည်း မြန်မာနိုင်ငံမှာ ဆိုးရွားလာတဲ့ အ‌ခြေအနေတွေနဲ့ ရခိုင်ပြည်နယ်မှာ အရှိန်အဟုန်မြင့်လာတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေနဲ့ တခြားသော ဒေသခံအပေါ် ကျရောက်စေတဲ့  ဆိုးရွားတဲ့ သက်ရောက်မှုတွေကို ကနေဒါနိုင်ငံက အထူးစိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးနဲ့ ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံဆိုင်ရာ ကနေဒါသံရုံးတို့က သြဂုတ် ၂၅ ရက်မှာထုတ်ပြန်ပါတယ်။

မကြာသေးခင်က ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြားမှ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို  တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေကို လက်ခံနိုင်ဖွယ်၊ ဆင်ခြေပေးနိုင်ဖွယ်မရှိကြောင်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို တရားလက်လွတ် သတ်ဖြတ်တာ၊ ကျယ်ကျယ်ပြန့်ပြန့် မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေပြီး ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေကြောင်း၊ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့လည်း ကနေဒါနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ 

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) ရုံးကလည်း  ၇  နှစ်ကြာပြီးခဲ့ပေမဲ့ ရိုဟင်ဂျာ အရေးခင်းကိစ္စကို မမေ့ထားသင့်ကြောင်း ယနေ့အချိန်ထိ သူတို့ရဲ့ အခြေအနေဟာ ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ ကျပ်ညပ်နေတဲ့ နယ်စပ်စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သန်းနီးပါးဟာ အခြေအနေဆိုးရွားစွာ နေထိုင်နေကြရသလို ရိုဟင်ဂျာ သန်းဝက်ကျော်လောက်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆက်လက်နေထိုင်နေသေးတယ်လို့ ခန့်မှန်းကြောင်းနဲ့ နိုင်ငံမဲ့ အခြေအနေမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ရင်ဆိုင်နေရပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိဘဲ စားနပ်ရိက္ခာ လုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစတဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးနေကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ အာဆာအကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း စစ်ဆင်ရာမှာ ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013