DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ် မုံလှရွာကို စစ်တပ်က ဗုံးကြဲ၊ လက်ပံတန်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ကျင်းတူး ခိုင်းပြီး ပစ်သတ်မြေမြှုပ်
DVB
·
August 26, 2024
ခင်ဦးမြို့နယ် မုံလှရွာကို စစ်တပ်က ဗုံးကြဲ၊ လက်ပံတန်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ကျင်းတူး ခိုင်းပြီး ပစ်သတ်မြေမြှုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်‌မြောက်ဘက်ခြမ်း မုံလှရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၅ ရက် ည ၈ နာရီ ၁၅ မိနစ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်‌‌ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်မှာ စစ်ကောင်စီစစ်ကြောင်းထိုးတာလည်း မရှိသလို တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ခင်ဦးဒေသခံ မနှင်းဆီမေက “လေယာဥ်ရောက်လာပြီး ရုတ်တရက်ကြီး လာပစ်သွားတာရှင့်။ ဗုံးသီးက ၂ လုံးပါ၊ အိမ်တွေကို တုန်ခါသွားတာပဲ။ သူတို့ ဘာသတင်းအမှားရလို့လဲတော့ မသိဘူး။ ကျမတို့ရွာမှာတော့ ဘာတိုက်ပွဲမှ မရှိပါဘူး။ အခုလိုကြီး ထင်တိုင်းကြဲ လေယာဉ်ပေါ်ကနေ ဗုံးကြဲပစ်ခတ်၊ မြေပြင်စစ်ကြောင်းကလည်း ရွာတွေကို မီးရှို့၊ လူတွေ့ရင် သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်ရဲ့ ယုတ်မာတဲ့စစ်တပ်ကြီး မြန်မြန်ကျဆုံးပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

မုံလှရွာဟာ အိမ်ခြေ ၇၀၀ လောက်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်က ဘရင်ဂျီ လို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ခင်ဦးဒေသခံ ပအဖ တာဝန်ရှိသူတ‌ေယာက်က “ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့တယ်ဗျ။ ရွာရဲ့အနောက်တောင်ပိုင်းကို ကြဲချခဲ့တာဗျ။ လေယာဉ်အမျိုးအစားက ဂျက်ဖိုက်တာအမျိုးအစားပါ၊ တံတားဦးကနေ တက်လာပြီး ကြဲချခဲ့တာဗျ။ ဦးအောင်မျိုးသန့်ရဲ့ နေအိမ် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေကလည်း မုံလှရွာကို စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင်ကနေ  ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ် အပါအဝင် ၉ ယောက် သေဆုံးခဲ့ပြီး ပြည်သူနေအိမ် ၃၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို သိရပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေက အမျိုးသား ၃ ယောက်ကို ဖမ်းဆီးပြီး မြေကျင်းတူးခိုင်းကာ ပစ်သတ် မြေမြှုပ်ပစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်း တာဝန်ခံတယောက်က “အသတ်ခံရတဲ့ အမျိုးသား ၃ ဦးအား PDF ကို ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး စစ်တပ်က ရိုက်နှက်ဖမ်းပြီး မြေကျင်း အရင်တူးခိုင်းသေးတယ်။ ပြီးမှ ပစ်သတ်ပြီး အဲဒီကျင်းထဲမှာ ပြန်မြှုပ်ခဲ့တာလို့ ရေငံရွာနားက တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေဆီကနေ စစ်ဆေးပေါ်ပေါက်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြရသူတွေဟာ လက်ပံတန်းမြို့နယ်၊ မအူတန်းကျေးရွာက တယောက်၊ အောက်မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာက တယောက် အပါအဝင် အမျိုးသား ၃ ယောက်တို့ဟာ ဆိုင်ကယ် ကယ်ရီဆွဲသူတွေဖြစ်ပြီး လက်ပံတန်းမြို့နယ်၊ မအူတန်းကျေးရွာကနေ ငှက်ပျောတုံးကျေးရွာကို ဆန်အိတ်တွေ ပို့ဆောင်ဖို့ ကယ်ရီငှားရမ်းခံရတဲ့အတွက် သွားရောက်ပို့ဆောင်စဥ် စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အရင်နေ့က ရေငံရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကနေ စစ်သုံ့ပန်း ၁၀ ယောက် အရှင်ဖမ်းမိခဲ့တယ်။ ဖမ်းမိတဲ့ သုံ့ပန်းတွေကို စစ်တော့ ကယ်ရီသမား ၃ ယောက်ကို ရက်စက်စက်စက် သတ်ခဲ့တဲ့ကောင်တွေ ပါတယ်။ သူတို့ကတော့ အထက်ကခိုင်းလို့ လုပ်ရတယ်တဲ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်က လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအနီးမှာ ပြည်သူ ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ကြတဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ ၃၊ ၅၊ ၆ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်တွေ ချမှတ်ပေးထားပြီးဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေကြတာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013