DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် ဆားတထုပ်လျှင် ကျပ် ၅,၀၀၀ ပေးနေရသည်အထိ ကုန်ဈေးနှုန်းမြင့်မားနေ
DVB
·
August 25, 2024
ပူတာအိုတွင် ဆားတထုပ်လျှင် ကျပ် ၅,၀၀၀ ပေးနေရသည်အထိ ကုန်ဈေးနှုန်းမြင့်မားနေ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဆားတထုပ်ကို ကျပ် ၅,၀၀၀ အထိ ပေးနေရပြီး ‌အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ကုန်တင်မော်တင်ယာဉ်မောင်းတွေနဲ့ ပူတာအိုမြို့ခံတွေက ပြောပါတယ်။

ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်းဟာ  ဇွန်လနောက်ဆုံးအပတ်ကစပြီး မိုးများ မြေပြိုပြီး လမ်းတွေ ပျက်စီးခဲ့ကာ ဒီနေ့အထိ မပြုပြင်နိုင်သေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုမြို့ကို ကုန်စည်ပို့ဆောင်ရေး ပြတ်တောက်နေပြီး ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ပူတာအိုမြို့ခံတဦးက “ဖုန်ကျန်းနဲ့ ဝဒတ်ကျေးရွာကြားက လမ်းပိုင်းတွေရော တချို့လမ်းပိုင်းတွေက ပြန်ပြင်ဖို့မလွယ်အောင် ပျက်စီးသွားတာ။ အခုထိ မပြင်ရသေးဘူး။ ကားလမ်းနဲ့ သွားမရတော့ လေယာဉ်နဲ့ပို့ကြတယ်။ လေယာဉ်နဲ့ပစ္စည်းပို့တာကလည်း ဈေးကြီးတော့ ကုန်ဈေးနှုန်းတွေက လိုက်တက်လာတာ။ ဘယ်လောက်ကုန်ဈေးနှုန်းကြီးကြီး ပစ္စည်းရတယ်ဆိုရင်ပင် အတော်ခံသာတယ်။ ပထမတခါ လမ်းပိတ်တုန်းက ဆန်ပြုတ်ပါ သောက်ခဲ့ရတာ” လို့ ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားပြီး မြစ်ကြီးနား-ပူတာအိုလမ်းကို ၃ လလောက် ပိတ်ထားခဲ့ရတာကြောင့် ပူတာအိုမြို့မှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားခဲ့ကာ ဓာတ်ဆီတလီတာကို ကျပ် ၆၀,၀၀၀ လောက်အထိ ပေးဝယ်ခဲ့ကြရပါသေးတယ်။

စစ်ကောင်စီနဲ့ KIA တို့ နှစ်ဖက်ညှိနှိုင်းမှုနဲ့ ဇွန်လလယ်လောက်မှာ မြစ်ကြီးနား-ပူတာအို လမ်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာကြောင့် ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းခဲ့ပေမဲ့ မိုးကြီးကာ မြေပြိုမှု၊ လမ်းပျက်စီးမှု၊ ဆိုင်ကယ်နဲ့ပင် သွားလာလို့မရတော့တဲ့ အခြေအနေတွေကြောင့် ကုန်းလမ်းပိုင်း ကုန်စည်ပို့ဆောင်ရေးတွေ ပြတ်တောက်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

“လမ်းက ဘယ်လိုမှသွားမရဘူး။ လမ်းပျက်နေတဲ့နေရာမှာ ဟိုဘက် ဒီဘက် ပစ္စည်းပြန်ကဲ့ဖို့တောင် အဆင်မပြေဘူး။ ဘယ်သူမှလည်း လာမပြင်ပေးဘူး။ ပထမတခါတုန်းက မြေပြိုလို့ ပိတ်မိနေတဲ့ ကားတွေက ဆီဖိုး တစီးကို ၈၀,၀၀၀ စုပြီး  ဘူဒိုဇာခေါ် လမ်းရှင်းပြီး ပူတာအိုကို ပြန်ခဲ့ရတာ။ ကုန်းလမ်းနဲ့ မသွားသမျှတော့ ကုန်ဈေးနှုန်းက ဆက်မြင့်မှာပဲ” လို့ ထဝမ်ရာဇီမော်တော်ယာဉ်အသင်းက ယာဉ်မောင်းတဦးက ပြောပါတယ်။

ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကအထိ ဓာတ်ဆီတလီတာကို ကျပ် ၂၀,၀၀၀ ကျော်ဖြစ်ရာကနေ အခုရက်ပိုင်းအတွင်းမှာပဲ ဆီတလီတာကို ကျပ် ၃၀,၀၀၀ ကျော်အထိ ဖြစ်လာတယ်လို့ ပူတာအိုမြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ ပူတာအိုမြို့ကို ကုန်စည်ပို့ဆောင်သူအနည်းစုကပဲ လေယာဉ်နဲ့ ပို့ဆောင်နေတာကြောင့် ကုန်စည်မပြတ်လပ်သေးပေမဲ့ ကုန်စည်တွေကို အဆမတန်ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013