DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် မိုင်းနင်းမိသူအား သယ်ထုတ်စဉ် မိုင်းထပ်နင်းမိပြီး ၂ ဦးလုံး ခြေထောက်ဖြတ်ရ
DVB
·
August 25, 2024
တနင်္သာရီတွင် မိုင်းနင်းမိသူအား သယ်ထုတ်စဉ် မိုင်းထပ်နင်းမိပြီး ၂ ဦးလုံး ခြေထောက်ဖြတ်ရ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ  စစ်တပ်နဲ့ကပ်လျက်ဥယျာဉ်ခြံထဲ မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီးကို သယ်ဖို့သွားတဲ့သူပါ မိုင်းထပ်နင်းမိလို့ ၂ ယောက်လုံး ခြေတဖက်စီ ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အော်ကြီးရွာမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် မခိုင်ခိုင်လဲ့ဟာ ဩဂုတ် ၂၁ ရက်နေ့ မနက် ၈ နာရီလောက်က ခမရ ၅၅၇ တပ်ရင်းနဲ့ကပ်လျက်မှာရှိတဲ့ သူပိုင်တဲ့ ဥယျာဉ်ခြံကနေ ခြံထွက်ပစ္စည်း ကောက်ပြီး ပြန်အထွက် မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာပါ။

အဲဒီနောက် မခိုင်ခိုင်လဲ့ကို သယ်ထုတ်ဖို့ ရောက်လာတဲ့ တရွာတည်းသား အသက် ၃၈ နှစ်အရွယ် ကိုဟန်ဦးလည်း မိုင်းထိလူနာအား ထမ်းပိုးပြီး ပြန်ဆင်းလာရာမှာ မြေမြှုပ်မိုင်း ထပ်နင်းမိပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “သူတို့နှစ်ဦးက အိမ်နီးနားချင်းလည်းဖြစ်သလို အမျိုးလည်းမကင်းဘူ။ မခိုင်ခိုင်လဲ့ မိုင်းထိတယ်ကြားတော့ ရွာထဲမှာ အကူအညီတွေတောင်းကြတယ်။ ကိုဟန်ဦးတို့ အပါအဝင် ၃ ဦးက လူနာသွားသယ်တယ်။ ကိုဟန်ဦးက ပခုံးမှာထမ်းပြီးလာချိန် ထပ်နင်းမိတာပါ”လို့ ပြောပါတယ်။

အော်ကြီးရွာနဲ့ အောက်ကင်းရွာဟာ တဆက်တည်းဖြစ်ပြီးတော့ မခိုင်ခိုင်လဲ့ ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေဟာ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်နဲ့ ကပ်လျက်မှာရှိတာဖြစ်ပါတယ်။

ဒေသခံတယောက်က “စစ်တပ်က သူတို့တပ်ရင်းနဲ့နီးတော့ အဲဒီဥယျာဉ်ခြံတွေမှာ မိုင်းတွေ ထောင်ထားတယ်လို့ ပြောသံကြားတယ်။ သူတို့တော့ ကိုယ့်ဥယျာဉ်ကို သွားနေကျဆိုတော့ အဲလို ဖြစ်မယ်မှန်း မထင်ထားဘူးပေါ့” လို့ ပြောပါတယ်။

မိုင်းနင်းမိသူ ၂ ယောက်လုံးကို အဲဒီနေ့ နေ့လယ်လောက်မှာ တနင်္သာရီမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး  မိုင်းထိမှန်ပြင်းထန်ဒဏ်ရာကြောင့် မခိုင်ခိုင်လဲ့ရဲ့  ညာခြေတဖက် ဖြတ်တောက်လိုက်ရပြီး ကိုဟန်ဦးမှာတော့ ဘယ်ခြေတဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခင်းဖြစ်ပြီးနောက်မှာ စစ်ကောင်စီက တပ်ရင်းအနီးတဝိုက်က ဥယျာဉ်ခြံမြေတွေဘက်ကို တားမြစ်နယ်မြေလုပ်ပြီး အရပ်သားပြည်သူတွေကို သွားလာခွင့်မပေးတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းတွေ အခြေစိုက်တဲ့ တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းရွာနဲ့ မော်တုန်း ကျေးရွာအုပ်စုဘက်မှာလည်း တပ်ရင်းအနီး ဥယျာဉ်ခြံမြေတွေမှာ စစ်တပ်ထောင်ထားတဲ့ မိုင်းတွေ နင်းမိပြီး အရပ်သား သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013