DVB Logo
Home
မြန်မာသတင်း
လူငယ်များ ပြည်ပထွက်ခွာခွင့် စစ်ကောင်စီ နည်းမျိုးစုံဖြင့် တင်းကျပ်နေ
DVB
·
August 24, 2024
လူငယ်များ ပြည်ပထွက်ခွာခွင့် စစ်ကောင်စီ နည်းမျိုးစုံဖြင့် တင်းကျပ်နေ
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ တင်းကျပ်နေသလို ပြည်ပရောက်နှင့်ပြီးသား လူငယ်တွေကိုလည်း တင်းတင်းကျပ်ကျပ် စိစစ်နေပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းတာ ၆ လကြာပြီးနောက် စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၄ အထိ ခေါ်ယူထားပြီး ပြည်တွင်းမှာ ရပ်ကွက်ကျေးရွာတွေအလိုက် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို စစ်ကောင်စီက အတင်းအကျပ် စာရင်းကောက်ခံတာတွေ လုပ်ဆောင်နေပါတယ်။

လူငယ်လူရွယ်တွေဟာ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတာကြောင့် အိမ်နီးချင်း ပြည်ပနိုင်ငံတွေဆီတိမ်းရှောင်တာ၊ ပြည်ပကို အလုပ်သွားလုပ်တာတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေဆီ ဝင်ရောက်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလာကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက ပြည်ပကို အလုပ်အကိုင် ပတ်စ်ပို့ PJ နဲ့အချက်အလက် မစုံရင် ထွက်ခွင့်မပြုတော့ဘဲ အလည်အပတ် ပတ်စ်ပို့ PV ကိုင်ဆောင်သူတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ တင်းကျပ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းက “PJ (အလုပ်အကိုင် ပတ်စ်ပို့) ဆိုရင်တော့ လုံးဝ ထွက်လို့ မရဘူး။ ဒါတော့ သူတို့ သတ်မှတ်ထားတဲ့ ၂၁၊ ၂၂ နှစ်ကနေ ၃၅ နှစ်အထိက လုံးဝ ထွက်ခွင့် မရှိဘူး။ PV (အလည်အပတ် ပတ်စ်ပို့) နဲ့ကျတော့ တရက်ကို ကြိုပြီး လေယာဉ်ကွင်း သွားရတယ်။ လေယာဉ်ကွင်းသွားပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့သူတယောက်ရဲ့ ထောက်ခံစာယူသွားရတယ်။ ထောက်ခံစာယူပြီးတော့ လေယာဉ်ကွင်းမှာသွားလုပ်ရတယ်။ အဲဒီ အလည်ပတ်ထွက်သူက ပြန်မလာခဲ့ဘူးဆိုရင် ထောက်ခံတဲ့သူက သူ့အစားတာဝန်ယူပေးရတယ်။ အဲလို ပုံစံပေါ့။ တချို့တလေကျတော့ ထောက်ခံစာ ပါတယ်ဆိုရင်တောင် ရုပ်ကြည့်ပြီးတော့ အမေးအမြန်းမရှိ လဝက ရောက်တာနဲ့ ပြန်လွှတ်ခံရသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အသက် ၂၀ ကနေ အသက် ၃၅ နှစ်ကြားရှိ အမျိုးသားတွေကို စစ်ကောင်စီဘက်က ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့အပြင် ပြည်တွင်းမှာရှိတဲ့ လူငယ်တွေကလည်း အလည်အပတ်၊ ပညာရေး စတဲ့ ဗီဇာတွေနဲ့ ပြည်ပထွက်ခွာမှု များလာတာကြောင့် ပြည်ပကို အလည်ဗီဇာနဲ့ ထွက်ခွာသူတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးလာပါတယ်။

ပြည်ပရောက် လူငယ်တယောက်က “စစ်ကောင်စီဘက်က ဆိုရင် မြန်မာလူမျိုးတွေ စစ်မှုထမ်းဥပဒေမှာ အသက်အကျုံးဝင်တဲ့ လူငယ်တွေကို ဗီဇာမပေးပါနဲ့ ဆိုတဲ့အထိပါ လိုက်လုပ်လာတာ တွေ့ရတယ်။ ကျနော်ဆိုရင် ထိုင်းနိုင်ငံတွင်းမှာ၊ စစ်မှုထမ်းဥပဒေကြောင့် ပြေးလာတယ်။ ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ ဆက်ပြီးယုတ်မာတဲ့ အလုပ်တွေ ဆက်လုပ်နေတဲ့အတွက် ဒီနိုင်ငံမှာ ဗီဇာမရဘဲ တခြားနိုင်ငံသွားပြီးတော့ လာအိုနိုင်ငံထိပါ သွားပြီး ဒုက္ခရောက်ခံပြီး သွားလုပ်ရတာတွေ ဖြစ်လာတယ်။ အဲဘက်ရောက်တော့လည်း အဆင်မပြေတာတွေ အများကြီးပဲ။ မြန်မာတွေဆိုရင် လုံးဝ အပြစ်သား တယောက်လို အကြည့်ခံရတဲ့အထိ တော်တော်ဆိုးဆိုး ကြုံရတယ်။ အဓိက ကတော့ ကျနော်တို့ နိုင်ငံက မကောင်းတဲ့အတွက် ကျနော်တို့ လူမျိုးတွေက ရောက်တဲ့ နေရာတိုင်း ဒုက္ခရောက်နေပြီး နိုင်ငံ တော်တော်များများရဲ့ ဖိနှိပ်တာကို ခံနေရတယ်” လို့ ပြောပါတယ်။

အခုလို အတင်းအကျပ် ဖိအားပေး လုပ်ဆောင်တာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သလို လူငယ်ထု တရပ်လုံးကိုလည်း ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒီဥပဒေကို ကျင့်သုံးတော့မယ်လို့ ကြားကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်မယ်ဆိုတာ သိတယ်။ အမှန်တော့ ဒီလိုမျိုး အတင်းအကျပ် လုပ်ဆောင်ခြင်းကလည်း လူ့အခွင့်အရေး ချိုးဖောက်ခြင်းပဲ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို တိုင်ကြားနိုင်တဲ့ ယန္တရားကို စတင်ဖွင့်လှစ်ပါတယ်။ အဲတော့ ဒါအနေနဲ့ တိုင်ကြားရင် တင်ပြဖို့၊ တိုင်ကြားရင် အချက်အလက်တွေ ပေးပို့ဖို့ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး လုပ်ဆောင်ခြင်းက ဥပဒေပြဋ္ဌာန်းခြင်းဆိုတဲ့ စကားလုံးကိုသုံးပေမယ့် လူငယ်ထုတရပ်လုံး ကျား၊ မ မရွေး၊ နောက်ထပ်မျိုးဆက် အသက် ၁၈ ကနေ ၃၅ အထိ ရှိတဲ့ လူငယ်ထု တရပ်လုံးကို ရည်ရွယ်တာ ဖြစ်တဲ့အတွက် လူသားမျိုးနွယ်ကို ထိခိုက်တဲ့ ရာဇဝတ်မှုလို့တောင် ပြောလို့ရတယ်” လို့ ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ စစ်ရှောင်ဦးရေ မြင့်တက်လာသလို နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ပြည်ပ ထွက်ခွာသူ ပိုတိုးလာခဲ့ပြီး စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာသူတွေ စံချိန်တင် မြင့်မားလာပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြန်လည် အတည်ပြုကြောင်း ပြဋ္ဌာန်းပြီးနောက် လူငယ်လူရွယ်တွေဟာ ထိုင်း၊ တရုတ်၊ လာအို၊ အိန္ဒိယနဲ့ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ယူအေအီး နိုင်ငံဆီ အများဆုံး ထွက်ခွာလာကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013