DVB Logo
Home
မြန်မာသတင်း
မြိုင် တိုက်ပွဲနယ်မြေတွင် ဗိုလ်မှူး အပါအဝင် ၅ လောင်းထပ်တွေ့၊ လက်နက်ကြီးထိပြီး ဆားလင်းကြီးတွင် ၂ ဦး ဒဏ်ရာရ
DVB
·
August 24, 2024
မြိုင် တိုက်ပွဲနယ်မြေတွင် ဗိုလ်မှူး အပါအဝင် ၅ လောင်းထပ်တွေ့၊ လက်နက်ကြီးထိပြီး ဆားလင်းကြီးတွင် ၂ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၁၃ နှစ်အရွယ် ကလေးတယောက် အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွာသစ်ဘုန်းကြီးကျောင်းအနီးကို နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှာ စစ်ကောင်စီက ဗိုလ်မှူး ၁ ယောက် အပါအဝင် ရုပ်အလောင်း ၅ လောင်းနဲ့ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Earthquak People's Pefence Force အဖွဲ့ရဲ့ တာဝန်ရှိသူက “သူတို့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ ရွာသစ်ဘုန်းကြီးကျောင်းနားမှာတွေ့ခဲ့တာပါ။ ၄ လောင်းက မြေမြှုပ်ထားတာပါ။ ၁ လောင်းကိုတော့ ထန်းလက်ခြောက်နဲ့ အုပ်ထားတယ်။ ထပ်တွေ့တဲ့အလောင်းတွေက ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင်နဲ့ တပ်သား ၃ ဦးတို့ရဲ့ ရုပ်အလောင်းတွေဆိုတာကို ဖမ်းမိတဲ့ သုံ့ပန်းတွေဆီကနေ သိရတယ်။ ခဲယမ်းတွေလည်း ထပ်တွေ့လို့ သိမ်းဆည်းခဲ့ရတာပေါ့ဗျာ” လို့ DVB ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့၊ မနက် ၆ နာရီဝန်းကျင်က မြိုင်မြို့နယ်၊ ကိုင်းတောမ ရွာသစ်ကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံး၊ ၅ ယောက် လက်နက်ချခဲ့ပြီး သေနတ် ၁၉ လက်နဲ့အတူ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

Earthquak People's Pefence Force အဖွဲ့ရဲ့ စစ်ဆင်ရေးတာဝန်ခံတယောက်က “အဲဒီစစ်ကြောင်းက တပ်မ ၁၀၁ နဲ့ ပကစ ၂ တို့က စစ်သားတွေအထိနာပြီးတော့ ကျန်တဲ့ကောင်တွေက သရက်ကန် ပျူရွာဘက်ကို ထွက်ပြေးကုန်တယ်။ တိုက်ပွဲထဲမှာသေတဲ့ ၁၂ ကောင်ကိုလည်း ကောင်းကောင်းမွန်မွန်မီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။ အခု ထပ်တွေ့တဲ့ ၅ လောင်းနဲ့ဆို ဒီကောင်တွေဘက်က ဗိုလ်မှူးတဦး အပါအဝင်ဆို ၁၇ ကောင်သေတာပေါ့” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ  အခုလထဲမှာ ကိုင်းတောမရွာသစ်ကျေးရွာကို ရောက်ရှိ အထိုင်ချတပ်စွဲပြီး အနီးအနားဝန်းကျင်ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို လှည့်ပတ်ခိုးယူ လုယက်မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အမှတ် ၁ စစ်ဒေသလက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “မြိုင်မြို့နယ်ထဲက သရက်ကန်နဲ့ တွင်းမ ပျူစောထီးရွာတွေနဲ့ ပခုက္ကူမြို့နယ်ထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံး အလင်းဝင်ကြပါ။ ကျနော်တို့နဲ့ ပူးပေါင်းကြပါ။ အခု ဖိတ်ခေါ်သလို မပူးပေါင်းဘူး၊ အလင်းမဝင်ဘူးဆိုရင်တော့ ဆက်လက်ပြီးတော့ ထိုးစစ်ဆင်​တိုက်ခိုက်သွားမယ်ဆိုတာကို သတိပေးလိုပါတယ်” လို့ ပြောပါတယ်။

မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းကို သြဂုတ် ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ၄ ရက်ကြာတိုက်ခိုက်ခဲ့ရပြီး ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာကို ဩဂုတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၃ နှစ်အရွယ် ကလေးတယောက်အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

မွန်းလွဲ ၁ နာရီကျော်မှာ မုံရွာမြို့အထွက် မအူရွာ စစ်ဆေးရေးဂိတ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဖောင်းကတာရွာသားတယောက်က “ပစ်တာက ၅ လုံးပစ်တာ။ ကျနော်တို့ ဖောင်းကတာ မြောက်ရွာက စာသင်ကျောင်းအနီးတလုံး၊ ဖောင်းကတာ တောင်ရွာက စာသင်ကျာင်းက တလုံးကျတာဗျ။ တောင်ရွာစာသင်ကျောင်းအနီးက မဌေးဌေးဝင်းအိမ်ပေါ်ကို တည့်တည့်ကျတာဗျ။ အဲလိုကျလို့ ပြည်သူ ၂ ဦးလည်း ထိခိုက်တယ်။ ခြေထောက်ထိတာက မအင်ကြင်းခိုင်၊ အသက် ၁၃ နှစ်ဝန်းကျင်၊ လက်ထိတာက မဌေးဌေးဝင်း၊ အသက် ၄၃ နှစ်ဖြစ်ပါတယ်ဗျ။ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ နေရာက အိမ်တွေလည်းပျက်စီးတယ်။ အိမ်အလုံးအရေအတွက်ဆိုရင်ရင် ၁၀ လုံး အနည်းဆုံးရှိမယ်” လို့ ပြောပါတယ်။

ကျန် လက်နက်ကြီး ၃ လုံး ကတော့ သဲကောကြီးရွာအနီးမှာ ၂ လုံး၊ ဖောင်းကတာဆည်ဘောင်မှာ ၁ လုံး ကျရောက်ခဲ့ပြီး အထိခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက် နေ့ မွန်းလွဲပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာနဲ့ ကူးတို့ကုန်းရွာ ကို  စစ်တပ်က လက်နက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကို ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013