DVB Logo
Home
နိုင်ငံတကာ
ဆူဒန်တွင် တလအတွင်း လူ ၆၀၀ ကျော် ကာလဝမ်းရောဂါ ကူးစက်ခံရ
DVB
·
August 23, 2024
ဆူဒန်တွင် တလအတွင်း လူ ၆၀၀ ကျော် ကာလဝမ်းရောဂါ ကူးစက်ခံရ
Donate to DVB

စစ်ပွဲဒဏ်ခံနေရတဲ့ ဆူဒန်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးရွားလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တလတည်းမှာပဲ ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၆၅၈ ဦးရှိကြောင်း မှတ်တမ်းတင်ထားတယ်လို့ ဆူဒန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကိုယ်စားလှယ် ဒေါက်တာ ရှစ်ဘဲလ် ဆာဘနီက ပြောပါတယ်။

ဖြစ်ရပ်အများစုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေတဲ့ အယ်လ်ကာဒရစ်ဖ်နဲ့ ကက်ဆလာ ပြည်နယ် ၂ ခုလုံးရှိ ဒုက္ခသည်တွေနဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ (IDPs) အများအပြား ဝင်ရောက်လာတာကြောင့် ရောဂါကူးစက်မှုတွေက ပိုများပြားလာတယ်လို့ ဆိုပါတယ်။

WHO နဲ့ UNICEF တို့ဟာ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရောဂါပြင်းထန်တဲ့ နေရာတွေမှာ ကလိုရင်းဖျန်းပေးပြီး ကုသရေးစင်တာနဲ့ သီးခြားခွဲထားရေးစင်တာတွေ ဖွင့်လှစ်ပေးဖို့ စီစဉ်နေကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီး ဟိုင်သမ် မိုဟာမဒ် အီဘရာဟင်မ် က သြဂုတ် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လူတွေ အစုအပြုံလိုက် ဝင်ရောက်လာပြီး မြို့တော်ရဲ့ အရင်းအမြစ်တွေ ကျပ်တည်းကုန်ကာ ရောဂါပြန့်ပွားရေးကို အားပေးသလို ဖြစ်နေတယ်လို့လည်း အယ်လ်ကာဒရစ်ဖ်မှ ကျန်းမာရေးအရာရှိ မိုဟာမဒ် ဒါဝတ်က ပြောပါတယ်။

နှစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ရေကြီးခြင်းတွေနဲ့အတူ ကာလကြာရှည်နေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို ဆိုးဆိုးရွားရွား သက်ရောက်နေပြီး ကာလဝမ်းရောဂါနဲ့ မျက်မြှေးရောင်ခြင်း အပါအဝင် ကူးစက်တတ်တဲ့ ရောဂါတွေက ဆူဒန်မှာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ပြည်နယ်အများအပြားမှာ အကူအညီတွေကို လက်လှမ်းမမီမှုကြောင့် လူပေါင်း ၂၅ ဒသမ ၆ သန်းရှိတဲ့ နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနဲ့ ဝရုန်းသုန်းကား ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကို ကြုံတွေ့ခံစားနေကြရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013