DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးမိခင် ၁ ဦး သေဆုံး
DVB
·
August 23, 2024
တောင်ကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မွေးကင်းစကလေးမိခင် ၁ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာကို  သြဂုတ် ၂၂ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တောင်ကုတ်မြို့နယ်ထဲက မီးကျောင်းထိုး၊ မိုးတောင်၊ ဇိမ်ခံထွေ၊ ရွှေကွမ်းစမ်း စတဲ့ကျေးရွာအနီးကို စစ်တပ်က သြဂုတ် ၂၂ ရက် နေ့လယ် ၁ နာရီခွဲက တိုက်လေယာဉ်နဲ့  ဗုံးလာကြဲခဲ့တာလို့  မီးချောင်းထိုးရွာသားတဦးက ပြောပါတယ်။ 

“ကျနော်တို့ဘက်မှာက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးလိုက်ကြဲချတာ။ စစ်တပ်က AA ကို မခုခံနိုင်လို့ လေကြောင်းကနေ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ မြင်တယ်။ အခုဆိုရင် မြေမြှုပ်မိုင်းတွေ ထောင်လိုက်၊ လေယာဥ်နဲ့ဗုံးကြဲလိုက်လုပ်နေလို့ သေတဲ့ သူသေ ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတဘဝရောက်တဲ့သူတွေလည်း များနေပါပြီ။” 

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် တောင်ကုတ်မြို့နယ် မီးချောင်းထိုးကျေးရွာက အသက် ၃၀ အရွယ် ဒေါ်ခင်ယုနန္ဒာထွန်း(ခ)အချေမကြီးမှာ ဗုံးစထိမှန်သေဆုံးခဲ့ကာ  ဦးရွှေနုမောင်၊ ဦးမောင်ဝင်း၊ ဒေါ်အုန်းကြည်နဲ့ ဒေါ်မနုကြည်တို့ရဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်အနေနဲ့ ရခိုင်တိုက်ပွဲတွေမှာ စစ်ကို စစ်နဲ့တူအောင် တိုက်ခိုက်ဖို့ လိုအပ်ပြီး စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ရပ်ရွာ၊ မြို့နဲ့ ဆေးရုံ၊ ဆေးခန်းတွေပါအဝင် ဘာသာရေးအဆောက်အအုံတွေ၊ ပြည်သူတွေနေထိုင်တဲ့ဒေသတွေကို ဦးတည်မတိုက်ခိုက်ဖို့ အာရက္ခတပ်တော် (AA) က ပြောဆို ထားတာပါ။

ရခိုင်တိုက်ပွဲ ၉ လကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၀ ခု သိမ်းပိုက်ထားပြီး လက်ရှိမှာ မောင်တော၊ သံတွဲနဲ့ ဂွမြို့နယ်တို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ဆက်လက် တိုက်ခိုက်သွားမှာဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး လက်နက်ချအညံ့ခံဖို့နဲ့ လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမယ်လို့  AA က သတိပေးထုတ်ပြန်ထားပါတယ်။

Photo - APM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013