DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီ၌ သံအမတ်ကြီး တောင်းဆို
DVB
·
August 23, 2024
မြန်မာ့အရေး ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီ၌ သံအမတ်ကြီး တောင်းဆို
Donate to DVB

လက်ရှိအခြေအနေမှာ မြန်မာပြည်သူတွေ အထူးလိုအပ်နေတာဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့  လက်ငင်း၊ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုဖြစ်တယ်၊ လုံခြုံရေးကောင်စီအနေနဲ့ အခုချက်ချင်း  အရေးယူ ဆောင်ရွက်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက  တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။

သြဂုတ် ၂၁ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ  “ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး - ငြိမ်းချမ်းရေး အစီအစဉ်အသစ်အောက်မှ ကမ္ဘာလုံးဆိုင်ရာအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံအဆင့်တို့၌ ပဋိပက္ခကြိုတင် ကာကွယ်ရေး” ခေါင်းစဉ်နဲ့ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ပေါ်ထွန်းလာတဲ့အထိ ကြံ့ကြံ့ခံဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချမှတ်ပြီးဖြစ်၊ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို မြန်မာပြည်သူတွေထက် ဘယ်သူ တဦးတယောက်မှ ပိုသိရှိနားလည်နိုင်မှာမဟုတ်၊ မိမိတို့ထက် ဘယ်သူကမှ မြန်မာနိုင်ငံအား ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့၊ သာယာဝပြောတဲ့ နိုင်ငံဖြစ်စေလိုတဲ့ ဆန္ဒ  သာလွန်ကိန်းဝပ်နေမှာမဟုတ်၊ မိမိတို့ရဲ့ ပြဿနာကို ရေရှည်တည်တံ့တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ပံ့ပိုးကူညီလိုတဲ့ နိုင်ငံတွေကို ကြိုဆိုလင့်ကစား သူတို့အနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကို အလေးအနက်ထားနားထောင်ဖို့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာ လေးစားကြဖို့ တိုက်တွန်းလိုတယ်။”

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေတို့ကို ဆက်လက်ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မရရှိနိုင်ဘဲဖြစ်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နေရပ်စွန့်ခွာသူနဲ့ ဒုက္ခသည်အရေအတွက်မှာ ၃ ဒသမ ၂ သန်းအထိ မြင့်တက်လာခဲ့ပြီး ၁၈ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း၊ ကလေးငယ်တွေနဲ့ လူငယ်အများအပြားမှာလည်း ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ၊ ရိုဟင်ဂျာတွေ အပါအဝင် ထိခိုက်လွယ်တဲ့ အုပ်စုတွေဟာ စစ်တပ် ကျူးလွန်တဲ့ အမျိုးမျိုးသော အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တရားမဝင်လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊ အွန်လိုင်းလိမ်လည်မှုတွေ စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်နေပြီး  အိမ်နီးချင်း နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကိုပါ အကျိုးသက်ရောက်မှုရှိနေတယ်၊ ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာတာ၊ စားသောက်ကုန်ပစ္စည်းတွေ ကုန်စျေးနှုန်း ခေါင်ခိုက်လာတာ၊ ဝင်ငွေနည်းတာ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတာ၊ အလုပ် လက်မဲ့ဖြစ်တာ၊  မတရားစစ်သားစုဆောင်းမှုနဲ့ ရွှေ့ပြောင်း နေထိုင်မှုတွေကြောင့် ပညာရှင်တွေ ယိုစိမ့်မှု ပြဿနာအပြင် ပြည်တွင်း စီးပွားရေးနဲ့ လူမှုရေးအခြေအနေ အလွန်အမင်း ပျက်စီးနေတယ်လို့ သံအမတ်ကြီးက  ပြောပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ အကူအညီတွေပေးအပ်ဖို့ မြန်မာပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံနေရတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပျက်ကွက်မှုကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနဲ့ စစ်တပ်အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်ခွင့် လိုင်စင်လက်ဝယ်ရရှိနေတာကို ပိုမိုရှည်ကြာစေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကို  လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ဖို့လည်း မြန်မာသံအမတ်ကြီးက လုံခြုံရေးကောင်စီမှာ တိုက်တွန်း ပြောသွားပါတယ်။

Photo- Permanent Mission of Myanmar to UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013