DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို ထောက်ခံဟု တရုတ်ပြော
DVB
·
August 23, 2024
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို ထောက်ခံဟု တရုတ်ပြော
Donate to DVB

မြန်မာ့အရေး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကို တရုတ်က ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာလည်း ပံ့ပိုးကူညီပေးဖို့ အသင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ မော်နင်က ပြောပါတယ်။

ဩဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ Hubei Media Group က ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတွေ့ဆုံတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ခုလိုဖြေကြားခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားစည်း လုံးညီညွတ်ရေးနဲ့ နယ်မြေစိုးမိုးရေးတို့ကို အလေးထားကြောင်း၊ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့နဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကတိကဝတ်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မစ္စမော်နင်က မြန်မာ့အရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဆီယံကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်းနဲ့ ဘုံသဘောတူညီချက် ၅ ရပ် နဲ့အညီ မြန်မာ့နိုင်ငံရေးလမ်းပြမြေပုံသစ်ကို ဖန်တီးနိုင်ဖို့ ဒေသတွင်းနိုင်ငံတွေ အချင်းချင်း အားကောင်းကောင်းနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်းလည်း ထည့်သွင်းပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့ဟာ  ပြီးခဲ့တဲ့ ဩဂုတ် ၂၀ နဲ့ ၂၁ ရက်တွေမှာ ရောက်ရှိလာခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ပဋိပက္ခအပေါ် အမြင်တွေကို ဆွေးနွေး ခဲ့ကြတာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ မော်နင်က အထူးကိုယ်စားလှယ်အနေနဲ့ ရည်မှန်းချက်နဲ့ တရားမျှတတဲ့ ရပ်တည်ချက်တရပ်ကို လက်ကိုင်ထားပြီးတော့ သက်ဆိုင်ရာ အစုအဖွဲ့တွေ အားလုံးကြား မျှတတဲ့ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ မြန်မာပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွားကို အလေးထားပြီး ကွဲပြားမှုတွေကို ပေါင်းကူးသဖွယ် ထိရောက်တဲ့နည်းလမ်းနဲ့ မြန်မာနိုင်ငံဘက်က ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013