DVB Logo
Home
မြန်မာသတင်း
နဂါးတွင်းရွာကို စစ်တပ်ကဗုံးကြဲ၊ ကန့်ဘလူနှင့်ကျွန်းလှကို စစ်ကြောင်းထိုး၊ ချောင်းဦးပြည်သူ ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
DVB
·
August 23, 2024
နဂါးတွင်းရွာကို စစ်တပ်ကဗုံးကြဲ၊ ကန့်ဘလူနှင့်ကျွန်းလှကို စစ်ကြောင်းထိုး၊ ချောင်းဦးပြည်သူ ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက နဂါးတွင်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၂ ရက်ည ၁၀ နာရီကျော်လောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကြီးကို လာချသွားတာဗျ။ ချတဲ့ဗုံးသီးက တလုံးတည်းရယ်ပါ။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိသလို ဒီပဲယင်းမြို့ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေပဲ ရှိတာပါ။ အလကားနေရင်း ပြည်သူဒုက္ခရောက်အောင်ကို လုပ်သွားတယ်။ စစ်ရှောင်ထဲက အမျိုးသာတဦး၊ အမျိုးသမီးတဦး စုစုပေါင်း ၂ ဦး ထိခိုက်ဒဏ်ရာရတယ်ဗျ” လို့ နဂါးတွင်းရွာသားတဦးက ပြောပါတယ်။

ဒီပဲယင်မြို့အနောက်ဘက်မှာ တည်ရှိတဲ့ နဂါးတွင်းရွာဟာ အိမ် ခြေ ၅၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက “ရွာသားတွေနဲ့ စစ်ရှောင်တွေကတော့ ညတွင်းချင်း ရွာထဲကနေ ထွက်ပြေးကြရတယ်။ ဘာတိုက်ပွဲမှမရှိတဲ့ရွာကို အခုလို လာချတာကတော့ စစ်တပ်ရဲ့ရုတ်မာမှုကို လက်တွေ့ မြင်ရတာပေါ့” လို့ ပြောပါတယ်။

၂၀၂၁ ခု ဒီဇင်ဘာ ၁၁ ရက်ကလည်း စစ်တပ်က  နဂါးတွင်းရွာအတွင်းဝင်ရောက်ပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ  သြဂုတ် ၂၂ ရက်တရက်တည်း စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ချောင်းဦးမြို့ခံတဦးက “စစ်သားတွေသတ်လို့ တရက်တည်း ၂ ယောက်သေတယ်။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါ။ ကောင်လေးကတော့ ဘယ်သူမှန်း၊ ဘယ်ကမှန်း မသိရသေးဘူး။ ကောင်လေးအလောင်းကို လူမှုကူညီရေးအသင်းကားနဲ့ လာသယ်သွားတယ်။ ကောင်မလေးကတော့ ဒီမြို့နယ်ထဲက ရွာတရွာကလို့သိရတယ်” လို့ DVB ကိုပြောပါတယ်။

ခြေထောက်နဲ့လက်တွေမှာ ကြိုးတုပ်ခံရလျက်သေဆုံးနေတဲ့ အသက် ၂၅ နှစ်နဲ့ ၃၀ ကြားရှိတဲ့ အမည်နဲ့ နေရပ်မသိရတဲ့ အမျိုးသားတဦးရဲ့အလောင်းကို ချောင်းဦးမြို့နယ် ပခုက္ကူ-ချောင်းဦးလမ်းခွဲကနေရာတခုမှာ သြဂုတ် ၂၂ ရက် မနက်က စစ်ကောင်စီတပ်သားတွေ စစ်ကားနဲ့လာရောက်စွန့်ပစ်သွားတာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ အမျိုးသမီးဟာ အသက် ၂၄ နှစ်အရွယ် မဇာခြည်ဦး ဖြစ်ပြီး ရုပ်အလောင်းကို မိသားစုတွေက ပြန်သယ်သွားကြတယ်လို့ သိရပါတယ်။

“ကောင်မလေးက နေမကောင်းလို့ မြို့ကိုဆေးခန်းသွားပြရင်း စျေး၀ယ်သွားတာလေ။ စျေးအရှေ့ဘက်မှာ စစ်သားတွေပစ်လို့ သေရတာ။ သူတို့ကန့်သတ်ထားတဲ့ နေရာကို၀င်လို့ ပစ်တာလို့တော့ ​ပြောတာပဲ။ ဒီကလေးမက အဲ့လောက်လည်း မရဲတင်းပါဘူး။ ရွာသူရွာသားတွေဆိုတာ နဂိုကတည်းက ကြောက်တတ်ကြတယ်။ အခုတော့ အလောင်းအိမ် ပြန်ရောက်ပါပြီ။ နောက်ရက်သင်္ဂြိုဟ်မှာပါ” လို့ သေဆုံးသွားသူရဲ့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့မှာ PDF တွေကိုစိန်ခေါ်ခဲ့တဲ့ ချောင်းဦးမြို့မရဲစခန်းက စခန်းမှူး ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မြို့ခံပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ကျွန်းလှမြို့နယ်အတွင်းက  ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ဩဂုတ် ၂၀ ရက် မနက်မှာ စတင်စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေ တိမ်းရှောင်‌နေကြရတယ်လို့ ဒေသခံတွေနဲ့ ကန့်ဘလူ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းကို ကန့်ဘလူ တကရ ၆၀၀၆ က မနက် ၇ နာရီခွဲလောက်မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ကန့်ဘလူဒေသခံတဦးက “ပထမတ‌ကြောင်းက စကစနဲ့ ပျူအင်အား ၇၄ ဦးပါတယ်ဗျ။ အဲဒီစစ်ကြောင်းက နတ်အင်းရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတယ်ဗျ။ ဒုတိယစစ်ကြောင်းကတော့ အင်အား ၅၀ ခန့်ပါတယ်။ အဲဒီ စစ်ကြောင်းကတော့ ငတိုရွာဘက်ကို  ဦးတည်ထွက်လာတယ်ဗျ။ အဲလိုထွက်လာတော့ စစ်ကြောင်းတည်ရာတည့်တည့်က ပြည်သူတွေ ထွက်ပြေးနေကြရတယ်။ အခုထိ ရွာထဲမဝင်ရသေးဘူးဗျ။ ထွက်ပြေးရတဲ့ ကျေးရွာတွေက ယမား၊ ယအင်း၊ ရွာသစ်၊ နတ်အင်းကန်ဘောရင်းရွာနဲ့ အနီးဝန်းကျင်က ရွာတွေဖြစ်တယ်ဗျ။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထွက်ပြေးရတဲ့ ပြည်သူကတော့ ခန့်မှန်းခြေ ၁၅၀၀ နဲ့ ၂၀၀၀ ဝန်းကျင်တော့ ရှိလိမ့်မယ်ထင်တယ်။ အတိကျတော့မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ယမားရွာနဲ့ ငတိုပျူရွာကြားထဲမှာရှိတဲ့ ဆည်ဘောင်ပေါ်ကို ဘန် ကာတည်ဆောက်နေတာဖြစ်ပြီး အဆိုပါနေရာက စစ်သားနဲ့ပျူတွေကို ရိက္ခာနဲ့ လူအင်အားဖြည့်တင်းတာ ဖြစ်နိုင်တယ်လို့  ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

“ယမားရွာနဲ့ ငတိုပျူရွာကြားမှာ ဆည်တခုရှိတယ်ဗျ။ အဲဒီဆည်ဘောင်ပေါ်မှာ လုံခြုံရေးယူပြီး ဘန်ကာ တည်ဆောက်နေတာ ကြာပြီဗျ။ အဲဒီမှာနေတဲ့ စစ်သားနဲ့ ပျူတွေအတွက် စားနပ်ရိက္ခာနဲ့ လူအင်အားဖြည့်တင်းဖို့ရာအတွက် ဖြစ်နိုင်တယ်။”

ဩဂုတ် ၂၂ ရက် မနက် ၇ နာရီခွဲကျော်လောက်မှာလည်း စစ်ကောင်စီတပ်က ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်အနီးကနေ ကန့်ဘလူမြို့နယ်၊ အင်းမရွာတောင်ဘက်မှ ရှမ်းကုန်းဘက် ဦးတည်စစ်ကြောင်းထိုးခဲ့ပြီး မနက် ၁၀ နာရီလောက် ချပ်ကြီးရွာဘက်ကို ဦးတည်ထွက်လာလို့ ဒေသခံတွေ နေရပ်စွန့်ခွာနေကြရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီတွေဟာ စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရပါတယ်။ 

စစ်ကောင်စီတပ်က ဇူလိုင် ၂၆ ရက်ကစပြီး ဩဂုတ် ၃ ရက်အထိ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ပြည်သူနေအိမ် ၆၂၅ လုံးအထိ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013