DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်က မီးရှို့ခံရသည့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးခက်ခဲ 
DVB
·
August 23, 2024
ကလေးမြို့နယ်က မီးရှို့ခံရသည့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးခက်ခဲ 
Donate to DVB

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာက စစ်ဘေးရှောင်အယောက် ၁,၀၀၀ ကျော်ဟာ နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၄ ရက်မှာ နန်းချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်‌တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် နန်းချောင်းရွာက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နန်းချောင်းရွာက စစ်ဘေးရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာ‌ နေထိုင်နေကြရတာပါ။

စစ်ဘေးတိမ်းရှောင်ချိန်တုန်းက ဘာတခုမှ ပါမလာခဲ့သလို စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့လိုက်တဲ့အတွက် ရွာမှာကျန်ရှိတဲ့ ပစ္စည်းတွေ သယ်ယူလို့မရဘဲ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကြတာပါ။

ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကောင်စီစစ်ကြောင်း ရှိနိုင်တဲ့အတွက် တညလောက် ရွာကရှောင်ကြဖို့ သတိပေးရာကနေ တိမ်းရှောင်လာကြတာ ၅ လလောက် ရှိသွားပြီဖြစ်ပြီး အခက်အခဲမျိုးစုံနဲ့ နေထိုင်‌နေရတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“ရွာကို စစ်သားတွေ ဝင်လာနိုင်တယ်။ PDF တွေက တညလောက်ရှောင်ပါပြောလို့ တညလောက်ရှောင်ဖို့ ထွက်လာခဲ့ကြတာ။ ဒါပေမဲ့ တခါတည်းနဲ့ စစ်သားတွေက ငါတို့ရွာကို ဝင်ပြီးတော့မှ မီးတွေရှို့၊ အိမ်တွေမီးလောင် ပြန်လို့မရတော့ဘူး‌။ ငါတို့က ဘာတခုမှလည်း ပါမလာကြဘူးလေ။ ယူဖို့အချိန်မရှိဘဲ ဒီကိုရောက်လာကြတာ။ ဒီမှာက အခက်အခဲတွေက အများကြီးရှိတယ်။ ကိုယ်တိုင်ကလည်း အသက်ကြီးတော့ ဘာမှမလုပ်နိုင်ဘူး။ အခက်အခဲမျိုးစုံနဲ့ နေနေရတာ။”

မီးရှို့ဖျက်ဆီးခံရတဲ့ နန်းချောင်းရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်၊ လူဦးရ ၁,၀၀၀ ကျော်ရှိကာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက တခါတရံ လာရောက်ကူညီတာ ရှိပေမဲ့ လုံလောက်မှုမရှိကြသေးဘူးလို့ ဆိုပါတယ်။

နန်းချောင်းရွာကနေ စစ်ဘေးတိမ်းရှောင်လာတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ မီးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ လူတွေလည်း ရှိနေကြပြီး သူတို့အတွက် ကျန်းမာရေးအကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင် နောက်တဦးက “ဒီမှာနေရတာက အဆင်ပြေသလို နေနေရတယ်။ နေအိမ် မီးရှို့ခံထားရတာ သိပေမဲ့ အိမ်ကိုပဲ ပြန်ချင်‌နေပြီး အိမ်မှာထားခဲ့တဲ့ပစ္စည်းတွေ အဝတ်အစားတွ အကုန်လုံးပေါ့နော့၊ ထားခဲ့တာတွအကုန်လုံး ပြန်ယူချင်တယ်။ မီးလောင်လို့ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်ရှာချင်တယ်။ အဲ့အတွက် အရမ်းစိတ်ညစ်ရတယ်” လို့ ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူ နေအိမ် ၅,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး စစ်ဘေးရှောင် ၃၀,၀၀၀ နဲ့အထက်မှာ ရှိနေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေဆီက သိရပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013