
ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shin ရွှေဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၄,၅၀၀ နဲ့ ရွှေ ၆၀ ကျပ်သား တောင်းခဲ့တဲ့ အမျိုးသား ၉ ယောက်ကို သြဂုတ် ၇ ရက်က ဖမ်းမိခဲ့တယ် စစ်အာဏာရှင်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
သြဂုတ် ၆ ရက် ညနေ ၅ နာရီက Diamond Shin ရွှေဆိုင် နေအိမ်ကိုပြန်လာတဲ့ ဆိုင်ပိုင်ရှင် ဦးအောင်မြင့်ကို ရွှေဘုံသာလမ်းက နေအိမ်အရှေ့မှာ ပြစ်မှုကျူးလွန်သူတွေက ပြန်ပေးဆွဲ ဖမ်းခေါ်သွားတာဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ပြန်ပေးဆွဲသူတွေဟာ ဦးအောင်မြင့် ဖုန်းကနေ မိသားစုဝင်တွေကို ဆက်သွယ်ကာ ငွေကျပ်သိန်း ၄,၅၀၀ နဲ့ ရွှေ ၆၀ သားတောင်းခဲ့ပြီး ရဲမတိုင်ဖို့နဲ့ တိုင်ခဲ့ပါက ဦးအောင်မြင့်ကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပန်းဘဲတန်းမြို့ခံတယောက်က “မနှစ်က ရွှေချစ်သူနဲ့ တိတ်ရှိန် ရွှေဆိုင် ဓားပြတိုက်ခံရတယ်။ ဒီနှစ် Diamond Shin ရွှေဆိုင်ပိုင်ရှင် ပြန်ပေးဆွဲခံရတယ်။ ပြန်ပေးဆွဲခံရတဲ့ အကွာအဝေးက ဆိုင်နဲ့အိမ်က ဘယ်လောက်မှမဝေးဘူး။ အဲဒီကြားမှာဖြစ်သွားတာ။ မြို့လယ်ကောင်မှာတောင် ပြည်သူလူထုဘဝက လုံခြုံမှုမရှိတော့ဘူးဆိုတာ ပြတဲ့သဘောပဲ” လို့ ပြောဆိုပါတယ်။
သြဂုတ် ၇ ရက်က စစ်အာဏာရှင် တပ်လက်အောက်ခံရဲတွေ ပြစ်မှုကျူးလွန်သူ ဒူးဂါး(ခ) ဝင်းကိုအောင် နဲ့ ဂင်ဒို (ခ) လင်းလင်း ကို တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးမှာ ဖမ်းဆီးရမိခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ထွက်ဆိုချက်နဲ့ သာကေတမြို့နယ် ကျောက်တိုင်မှတ်တိုင်အနီးမှာ မျိုးမင်းဦး (ခ) မျိုးကြီးနဲ့ အောင်သူ (ခ) အောင်သူဦး တို့ကို ဖမ်းမိခဲ့ပြီး ပြန်ပေးဆွဲခံရသူ ဦးမြမောင်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ညပိုင်းမှာပဲ ပြန်ပေးဆွဲမှုမှာပါဝင်တဲ့ မောင်ငယ်၊ ကျော်ကိုကိုကျော်သူရ၊ အောင်ထက်မိုး နဲ့ ကျော်သက်တို့ကို ဒေါပုံမြို့နယ် ယမုံနာ ၁ ရပ်ကွက်နဲ့ စံပြ ၁ လမ်းမှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ မူဒူးဂါး(ခ) ဝင်းကိုအောင်၊ ဂင်ဒို (ခ) လင်းလင်း၊ မျိုးမင်းဦး (ခ) မျိုးကြီး၊ အောင်သူ(ခ)အောင်သူဦး၊ ကျော်ကိုကို၊ မောင်ငယ်၊ ကျော်သူရ၊ အောင်ထက်မိုးနဲ့ ကျော်သက်တို့ကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းကနေ စစ်ဆေးနေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်က ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၇ရပ်ကွက်၊ လမ်း ၃၀ အလယ်ဘလောက် ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူ ရွှေဆိုင်ကို အမည်မသိအမျိုးသား ၃ ယောက်က ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်း ကျပ် သိန်း ၁၀,၀၀၀ ကျော်ဖိုး ယူသွားခဲ့ပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် မတ် ၂၄ ရက်ကလည်း ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်ရွှေဆိုင်” ကို အမည်မသိအမျိုးသား ၄ ယောက်က ဓားပြတိုက်ပြီး ရွှေ ၂၀ သား ယူခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မှာ လူသတ်၊ လုယက်မှု ၁၅၁ မှု၊ လုယက်မှု ၁၄၃ မှု အပါအဝင် ရွှေဆိုင်ဓားပြတိုက်မှု ၁၇ မှု ဖြစ်ခဲ့တယ်လို့ စစ်အာဏာရှင် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။










