DVB Logo
Home
မြန်မာသတင်း
တရုတ်အကျိုးစီးပွား ထိခိုက်မခံဟု စစ်ခေါင်းဆောင်က တရုတ်သံအမတ်သစ်ကို တွေ့ဆုံ ကတိပေး
DVB
·
August 22, 2024
တရုတ်အကျိုးစီးပွား ထိခိုက်မခံဟု စစ်ခေါင်းဆောင်က တရုတ်သံအမတ်သစ်ကို တွေ့ဆုံ ကတိပေး
Donate to DVB

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမယ့် ဘယ်ကိစ္စရပ်ကိုမဆို ခွင့်ပြုမှာ မဟုတ်ဘူးလို့  စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အမျိုးသမီး သံအမတ် မစ္စမာကျားက ဩဂုတ်  ၂၁ ရက်က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်စဉ် ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောတဲ့အကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

တရုတ်သံအမတ်ကြီး မစ္စမာကျားကလည်း တာဝန်ထမ်းဆောင်စဉ်ကာလတွင်း နှစ်နိုင်ငံချစ်ကြည်ရေး၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အင်တိုက်အားတိုက် မြှင့်တင်သွားမယ်၊ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးတဲ့မူဝါဒကို မမှိတ်မသုန် မြှင့်တင်သွားမယ်၊ မြန်မာနဲ့ တရုတ် ချိတ်ဆက်မှုတွေတိုးမြှင့်ပြီး သမ္မတရှီကျင့်ဖျင်ရဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့တဲ့ သဘောတူညီမှုရလဒ်တွေကို အတူတကွ အကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားမယ်လို့လည်း တရုတ်သံအမတ်က ပြောပါတယ်။

တရုတ်သံအမတ်နဲ့စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်မှာ  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ကာကွယ်ရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးကိစ္စ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ တယ်လို့ စစ်ကောင်စီကလည်း သတင်းထုတ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်ဖို့၊ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ရပ်တည်ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်ကလည်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တရုတ်သံအမတ် မစ္စမာကျားဟာ ၁၉၉၅ ကနေ ၁၉၉၈ အထိ  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှာ တတိယအတွင်းဝန်အဖြစ်  ၃ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အာရှနိုင်ငံတွေမှာလည်း  နှစ်ပေါင်း ၃၀ ကြာ သံတမန် အတွေ့အကြုံရှိခဲ့သူ ဖြစ်ပါတယ်။

မစ္စမာကျားဟာ အိန္ဒိယနိုင်ငံမှာ သံမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ အခု ဩဂုတ်လမှာတော့  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနေရာမှာ အစားထိုး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013