
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကနေ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အချုပ်သား ၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ 96 Soldiers - PDF (အညာဒေသ) ဆီက သိရပါတယ်။
96 Soldiers-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်က “ရဲစခန်းကို ဝင်စီးတော့ အချုပ်ခန်းထဲ ကနေ နိုင်ကျဥ်းတွေက အော်ကြတော့ ကျန်တဲ့အချုပ်သားတွေကိုပါ တွဲပြီး ကယ်ထုတ်လာခဲ့တာပါ။ လူငယ်ပိုင်းတွေ များတယ်။ အားလုံးပေါင်း ၂၀ ကျော်ပါ။ ကျနော်တို့အလုပ်က ကယ်ထုတ်ရုံပါဘဲ။ စိစစ်တဲ့အဖွဲ့ဆီ ပို့ထားပြီး အမှုစိစစ်တာတွေ လုပ်ခဲ့တယ်။ နိုင်ငံရေးမှုက ၁၇ မှုနဲ့ တခြားအမှုက ၃ မှုပါပြီး သက်ဆိုင်ရာနေရပ်တွေကို အာမခံတွေလုပ်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ ရက် မနက် ၇ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၈ ယောက် သေဆုံးကာ အလံဖြူထောင် လက်နက်ချသူ ၁၂၃ ယောက်ရှိပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီပဲယင်း မြို့သိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄,၉၀၀ နီးပါး၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ အလုံး ၂၀၊ ကျည်အိမ် ၈ ခုအပြင် ပိုက်ဆံ သိန်း ၃၄၀ ကျော် သိမ်းဆည်း ရခဲ့တယ်လို့ 96 Soldiers - PDF ရဲ့ တာဝန်ခံ တယောက်က ပြောပါတယ်။
“စစ်တပ်က အင်အား ၁၀၀ လောက်ရောက်လာလို့ ကျနော်တို့တွေ ခဏပြန်ဆုတ်ပေးထားပြီး စောင့်ကြည့်နေပါတယ်"
တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုင်ငံတဝန်းက မြို့ပေါင်း ၈၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအချုပ်နဲ့ အကျဥ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၀၀ နီးပါးကို ကယ်ထုတ်လာနိုင်ကာ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။