DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာဏကြီးနှင့်  မင်းသမီးပိုင်ဖြိုးသုတို့ကို ဂျာမနီရုပ်ရှင်ပွဲတော် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်
DVB
·
August 22, 2024
ဒါရိုက်တာဏကြီးနှင့်  မင်းသမီးပိုင်ဖြိုးသုတို့ကို ဂျာမနီရုပ်ရှင်ပွဲတော် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူဘက်က ရပ်တည်ပါဝင်နေကြတဲ့ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးတို့ဟာ ဂျာမနီနိုင်ငံ ရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Internationales Filmfest Oldenburg က 2024 Hornorary Tribute Award ချီးမြှင့်ဖို့ရွေးချယ်ခံရပါတယ်။

သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ “what happened to the wolf?” ရုပ်ရှင်ကို အဆိုပါ ရုပ်ရှင်ပွဲတော်မှာပဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းထားချိန်မှာ World Premiere အဖြစ် ပြသဖို့ ရွေးချယ်ခံခဲ့ရသလို အဲဒီအချိန်က အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ အိန္ဒြာကျော်ဇင်ဟာ “Seymour Cassel Award for Best Performance” ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ပိုင်ဖြိုးသုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ခုလို ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ကိုဏကြီးနဲ့ သုသုတို့ Germany မှာ ကျင်းပမယ့် Internationales Filmfest Oldenburg က 2024 Hornorary Tribute Award ချီးမြှင့်ဖို့ ရွေးချယ်ခြင်းခံရပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက "What Happened to the Wolf" ရုပ်ရှင်ကို World Premiere အဖြစ် ပြသခွင့်ရခဲ့တာလည်း ဒီ Oldenberg Festival မှာပါပဲ။ ၂၀၂၁ ခုနှစ်တုန်းကလည်း Festival မှာ ကိုယ့်ရုပ်ရှင် ရွေးချယ်ခံရသလို ကိုယ်တိုင်လည်း သရုပ်ဆောင်ဆုအတွက် ဆန်ခါတင် ဝင်ခဲ့ပေမဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ဖမ်းဝရမ်းထုတ်ခံထားရချိန်မှာ ကိုယ်တိုင်ပွဲမတက်နိုင်ခဲ့ပါဘူး။ အခု ၂၀၂၄ မှာလည်း စစ်အာဏာရှင်ကို တော်လှန်နေရဆဲ ဖမ်းဝရမ်းထုတ်ခံထားရဆဲဖြစ်လို့ ဆုပေးပွဲကို သွားနိုင်မှာ မဟုတ်ပါဘူး။”

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု တို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေဟာလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော်သားတွေအနေနဲ့ အမှတ်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ အခုအချိန်ထိတိုင် ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ခုလိုအခြေအနေမှာ ပွဲမတက်ရောက်နိုင်ပေမဲ့ မြန်မာပြည်ဟာ စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်ကြသေးသလို ဒီနိုင်ငံက အနုပညာရှင်တွေဟာလည်း မလွတ်မြောက်ကြသေးဘူး ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုသတိထားမိစေမှာမို့ ကျေနပ်မိတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

“ဒီလိုအခြေအနေတွေကို စိတ်မကောင်းဖြစ်မိပေမယ့် ဒီလို Festival ကြီးမှာ ဆုချီးမြှင့်ခံရတာတောင် သူတို့က မလာကြဘူး၊ ဘာလို့လဲ၊ ဆိုပြီး အဲဒီ Film Festival ကို လာကြမယ့် နိုင်ငံတကာက Film Makers တွေ Actors တွေအချင်းချင်း ပြောဆိုဆွေးနွေးကြရင်း သူတို့မြန်မာပြည် အခုထိ စစ်အာဏာရှင်လက်အောက်က မလွတ်သေးဘူး။ သူတို့နိုင်ငံက Artists တွေ မလွတ်မြောက်ကြသေးဘူးဆိုတာကို International အသိုင်းဝိုင်းမှာ ပိုသတိထားမိစေမှာမို့ ကျေနပ်မိပါတယ်။ အရင်လို ရုပ်ရှင်ကားတွေရိုက်၊ ရုပ်ရှင်ပြပွဲတွေမှာ ရုပ်ရှင်ပညာရှင်တွေ ရုပ်ရှင်ပရိသတ်တွေနဲ့ ဆုံတွေ့ခွင့်ရတဲ့ဘဝလေးကိုတော့ တခါတ ခါ လွမ်းမိတာပေါ့။”

ဂျာမနီရုပ်ရှင်ပွဲတော် Internationales Filmfest Oldenburg ကိုတော့ လာမယ့် စက်တင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဒါရိုက်တာ ဏကြီး ရဲ့လက်ရာ ‘နိုင်ငံပျောက်သူ’၊ ‘မပြီးသေးဘူး၊ ငါတို့အလှည့်ကျန်သေးတယ်’ စတဲ့ ရုပ်ရှင်တွေကိုလည်း ပွဲလာပရိသတ်တွေကို အခမဲ့ပြသသွားမှာဖြစ်ကာ ရရှိငွေတွေကို Artists Shelter ကို ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013