DVB Logo
Home
မြန်မာသတင်း
ပြင်ပရွှေဈေးကျချိန် ရွှေအသင်းက ‌ရည်ညွှန်းဈေး တိုးမြှင့်သတ်မှတ်
DVB
·
August 21, 2024
ပြင်ပရွှေဈေးကျချိန် ရွှေအသင်းက ‌ရည်ညွှန်းဈေး တိုးမြှင့်သတ်မှတ်
Donate to DVB

ပြင်ပရွှေဈေးကွက်မှာ ရွှေတကျပ်သား ၈၅ သိန်းအထိ မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးနဲ့တူ ၇၄ သိန်းကို ပြန်ကျသွားချိန်မှာ ရွှေအသင်းက ‌ရည်ညွှန်းဈေးကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်က ရန်ကုန်ရွှေအသင်းရဲ့ သတ်မှတ်ဈေးဟာ ၄၆ သိန်းကျော် ၄၇ သိန်း ဝန်းကျင်မှာပဲ ရှိခဲ့တာပါ။

ဒီကနေ့ မနက်ပိုင်း ရန်ကုန်ရွှေအသင်းရဲ့ ရည်ညွှန်းသတ်မှတ်ဈေးကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၄,၉၄၈,၈၇၆ ကျပ် သတ်မှတ်ထားပြီး သီတင်းပတ် တပတ်ကျော်အတွင်း ကျပ် ၂ သိန်းခွဲဝန်းကျင် တိုးမြှင့်လိုက်တာပါ။ ဒါပေမဲ့ ပြင်ပပေါက်ဈေးနဲ့တော့ သိန်း ၂၀ ကျော် ကွာနေပါသေးတယ်။

YGEA ရဲ့ ရည်ညွှန်းဈေး မြင့်လာတာက ကမ္ဘာရွှေဈေးနဲ့ ဘဏ်အချင်းချင်းကြား exchange rate ‌အပြောင်းအလဲတွေကြောင့် ဖြစ်နိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။

“YGEA က ကမ္ဘာရွှေဈေး၊ ဘဏ်အချင်းချင်း exchange rate တွေနဲ့ တွက်ပြီးသတ်မှတ်တာပေါ့။ ဒီ rateတွေ ပြောင်းလိုက်ရင် သူတို့တွေလည်း နည်းနည်းလိုက်ပြီး ပြောင်းတဲ့သဘောပါပဲ။ ဒီ YGEA ဈေးပြောင်းတာက ပြင်ပ‌ရွှေဈေးကွက်ကိုတော့ ဘာမှ သိပ်သက်ရောက်မူတော့ မရှိနိုင်ပါဘူး။”

စစ်ကောင်စီ လက်အောက်ခံ YGEA က ရွှေဆိုင်တွေကို သူတို့သတ်မှတ်တဲ့ ရည်ညွှန်းဈေးနဲ့ အရောင်းအဝယ်လုပ်ဖို့ ညွှန်ကြားထားတာပါ။

ဒီကနေ့ပြင်ပဈေးကွက်မှာ ရွှေတကျပ်သားကို ကျပ် ၇၄ သိန်းဝန်းကျင် ဈေးပေါက်နေချိန် YGEA ရဲ့ သတ်မှတ် ရည်ညွှန်းဈေးက ရွှေဆိုင်တွေအတွက် အရောင်းအဝယ် ပြုလုပ်ရာမှာ အခက်အခဲ ဖြစ်စေတယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“YGEA က နည်းနည်းတိုးပြီး သတ်မှတ်ပေးပေမဲ့ ပြင်ပပေါက်ဈေးနဲ့ ကွာနေတာဆိုတော့ သိပ်တော့ အဆင်မပြေသေးပါဘူး။ ပြင်ပပေါက်ဈေးနဲ့ မတိမ်းမယိမ်း သတ်မှတ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ခုကတော့ သိပ်အဆင်မပြေသေးဘူး။ ဒီလိုပဲ ကြည့်ကျက်ရောင်းနေကြရတာပဲ။”

ရန်ကုန်မြို့က လက်ရှိ  ရွှေဆိုင်တွေမှာ အခေါက်ရွှေရောင်းဝယ်ခြင်းမရှိဘဲ လက်ဝတ်ထည်တွေကိုသာ အရောင်းအဝယ် ပြုလုပ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

လတ်တလာ ကမ္ဘာ့ရွှေဈေးကလည်း စံချိန်တင်အမြင့်ပိုင်းမှာရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ် ဒုတိယပတ်က တစ်ထရိုင် အောင်စကို ၂၄၆၅ ဒေါ်လာဈေးပေါက်ရာကနေ ဒီနေ့မှာ ၂၅၀၉ ဒေါ်လာထိ မြင့်တက်လာပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ဒေါ်လာ သန်းရာချီ ထုတ်ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က  ကြေညာအပြီး တဒေါ်လာကို ကျပ် ၇,၀၀၀ ထိ ပေါက်ခဲ့တဲ့ ဒေါ်လာဈေး ပြန်ကျလာပြီး လက်ရှိမှာ တဒေါ်လာကို ကျပ် ၅,၈၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013