DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ဗျူဟာနှင့်စခန်းများ မကျရေး စစ်ကောင်စီက ကင်းထောက်ပျံသန်း၊ လက်နက်ကြီး ပစ်ခတ်
DVB
·
August 20, 2024
အနန်းကွင်းစစ်ဗျူဟာနှင့်စခန်းများ မကျရေး စစ်ကောင်စီက ကင်းထောက်ပျံသန်း၊ လက်နက်ကြီး ပစ်ခတ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ မုဒုံ-ခလယ်တံခွန်တိုင်လမ်းပိုင်းအပြင် အနန်းကွင်းစစ်ဗျူဟာနဲ့  အထိုင်တပ်စခန်းတွေ မကျရေး စစ်ကောင်စီက လေကြောင်းကနေ ကင်းထောက်ပျံသန်းတာ၊ လက်နက်ကြီးနဲ့ နေ့ ည ပစ်ခတ်နေတယ်လို့  မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ 

ကြာအင်းဆိပ်ကြီးမြို့နဲ့မုဒုံမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတလျှောက်က ကျေးရွာတွေကို ဩဂုတ် ၁၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက လေကြောင်းကနေ ကင်းထောက်ပျံသန်းတာ၊ နေ့ည နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။ 

ဩဂုတ် ၁၉ ရက်ကလည်း ကော့ကမာကျေးရွာဘက်ကို စစ်ကောင်စီတပ်က တောင်ကလေးကျေးရွာကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။  စစ်ကောင်စီတပ်ဘက်က  ဗျူဟာမကျရေး ကင်ထောက်ပျံသန်းတာ၊ မြေပြင် လက်နက်ကြီး ပစ်ခတ်တာတွေ အဓိကလုပ်ဆောင်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“တပ်မဟာ ၆ ဘက်မှာ လေကြောင်းကတော့ ကင်းထောက် တောက်လျှောက်ပတ်နေတာတွေ ရှိတယ်။ လေကြောင်း ဗုံးကြဲတာတွေက ဒီရက်ပိုင်းတွေမှာ မရှိဘူး။ တောင်ကလေးကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်၊ ဟုတ်ပါတယ်။ ဗျူဟာမကျရေးအတွက် အဓိက ဦးတည်နေတာ။”

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး စစ်ကူပစ်ခတ်ခဲ့တာကြောင့် အနန်းကွင်း၊ လွှတ်ရှမ်း၊ တညင်ကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတချို့ဟာ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

တိုက်ပွဲဖော်ဆောင်မယ့် ဘယ်အဖွဲ့ဖြစ်ဖြစ် ဒေသခံတွေရဲ့ဧရိယာမှာ ဖြစ်နိုင်မယ်ဆိုရင် ပုံစံတမျိုးနဲ့ ပြည်သူလူထုကို ကြိုတင်သတိပေးတာမျိုး လုပ်ဆောင်သင့်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ 

လက်ရှိက တနိုင်ငံလုံးအတိုင်းအတာနဲ့ သွားနေတာဖြစ်ပြီး ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန်မှ အရေးကြီးသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသိပေး အကြောင်းကြားတဲ့အပေါ်မှာ တလေးတစားနဲ့ လိုက်နာဖို့လိုတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

“အိမ်မှာနေခဲ့လို့ တိုက်ပွဲက ထင်ထားတာထက် ပိုပြီးပြင်းထန်လို့  အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာလို့ရှိရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အပြစ်တင်တာမျိုး၊ စောဒကတက်တာမျိုး မဖြစ်စေချင်ဘူး။ လက်ရှိက တနိုင်ငံလုံးအတိုင်းအတာနဲ့ သွားနေတာဖြစ်တဲ့အတွက် ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေက အင်မတန်မှ အရေးကြီးသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ အသိပေးအကြောင်းကြားတဲ့အပေါ်မှာ တလေးတစားနဲ့ လိုက်နာဖို့လိုတယ်။”

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က မြေပြင်မှာ စစ်ကောင်စီစစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားပြီး အနန်းကွင်း စစ်ဗျူဟာနဲ့ ခလယ်တံခွန်တိုင်တပ်စခန်းကို လေယာဉ်နဲ့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၀ ရက် မနက်က ကြာအင်းဆိပ်ကြီး-မုဒုံ လမ်းပေါ်က ချောင်းနှစ်ခွတံတားနဲ့ ရဲစခန်းကို KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ မရမ်းကုန်း၊ မယ်တယို၊ ကော့ခမာ စတဲ့ ကျေးရွာ ၂၀ ကျော်က  သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013