DVB Logo
Home
မြန်မာသတင်း
ရေဇွာမြို့တွင် ဇိုတုန်ဖက်ဒရယ်ကောင်စီက စာသင်ကျောင်းပေါင်း ၅၀ နီးပါး ဖွင့်လှစ်ထား
DVB
·
August 20, 2024
ရေဇွာမြို့တွင် ဇိုတုန်ဖက်ဒရယ်ကောင်စီက စာသင်ကျောင်းပေါင်း ၅၀ နီးပါး ဖွင့်လှစ်ထား
Donate to DVB

ချင်းပြည်နယ်၊ ဇိုတုန်ဒေသ၊ ရေဇွာမြို့မှာ ဇိုတုန်ဖက်ဒရယ်ကောင်စီက စာသင်ကျောင်းပေါင်း ၅၀ နီးပါး ဖွင့်လှစ်ထားပြီး ကျောင်းသား/ကျောင်းသူ ၄၇၀၀ နီးပါး ပညာသင်ကြားနေကြပါတယ်။ 

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဇိုတုန်ဒေသ ရေဇွာမြို့မှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း ၄၉ ကျောင်းဖွင့်လှစ်ထားတယ်လို့ ဒေသပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

၂၀၂၃ ခု နိုဝင်ဘာ ၂၉ ရက်မှာ ရေဇွာမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အခုပညာသင်နှစ်မှာ ပိုမိုအဆင်ပြေလွတ်လပ်လာတယ်လို့ ဇိုတုန်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံကပြောပါတယ်။ 

“အရင်နှစ်တွေထက် ဒီနှစ်က လွတ်မြောက်နယ်မြေဖြစ်လာတော့ အဘက်ဘက်က ပိုအဆင်ပြေလာတယ်၊ တရွာနဲ့တရွာ သွားရတဲ့အခါမှာလည်း ပိုလွတ်လပ်လာတာပေါ့။ ပညာရေးနဲ့ ပတ်သက်တဲ့ စာသင်ကျောင်းဖွင့်တာတွေရော၊ သင်ကြားရေးသင်တန်းဖွင့်တာတွေရော ပိုပြီးတော့မှ အဆင်ပြေလာတယ်။” 

ဇိုတုန်ဒေသအတွင်းမှာ စာသင်ကျောင်း ၄၉ ကျောင်း၊ ကျောင်းသား ကျောင်းသူ ၄၇၀၀ နီးပါးနဲ့ ဆရာ၊ ဆရာမ ၃၆၀ ကျော်နဲ့ စာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဇိုတုန်ဒေသကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဆက်သွယ်ရေးနဲ့ အွန်လိုင်းသင်ကြားရေးတွေအတွက် အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

စာသင်ကျောင်းတွေကို အဆင်ပြေစွာဖွင့်နိုင်ပေမဲ့ စာရေးကိရိယာဈေးကြီးမှုတွေ ကြုံနေရပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်း စိုးရိမ်နေကြရတယ်လို့ သင်ကြားရေးဆရာမတဦးက ပြောပါတယ်။

“ကျောင်းကတော့ ဇိုတုန်ဒေသ ပညာရေးဘုတ်အဖွဲ့ရဲ့လက်အောက်မှာ စာသင်ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပုံနှိပ်စာအုပ် အလွယ်ဝယ်မရတော့ အရင်အဟောင်းတွေကိုပဲ လက်ဆင့်ကမ်းပြီး သင်နေရပါတယ်၊ မနှစ်ကထက်တော့ပိုပြီး အဆင်ပြေလာပါတယ်။” 

ဇိုတုန်ဒေသမှာ မိုးရာသီကာလ မြေပြိုမှုကြောင့် သွားရေးလာရေး ခက်ခဲနေပြီး စာရေးကိရိယာ ဈေးနှုန်းတွေလည်း အဆမတန်မြင့်တတ်နေတယ်လို့ သိရပါတယ်။

ရေဇွာမြို့ကို ၂၀၂၃ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်မှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး ဇိုတုန်ဖက်ဒရယ်ကောင်စီက အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013