DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်လာအိုတွင် ကိုရီးယား ၆၀ ကျားဖြန့်လိမ်လည်ခံရ၊ ဝမ် ၂၃ ဘီလီယံကျော် ဆုံးရှုံး
DVB
·
August 20, 2024
မြန်မာနှင့်လာအိုတွင် ကိုရီးယား ၆၀ ကျားဖြန့်လိမ်လည်ခံရ၊ ဝမ် ၂၃ ဘီလီယံကျော် ဆုံးရှုံး
Donate to DVB

မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ လည်ပတ်နေတဲ့ ကျားဖြန့်အွန်လိုင်းလောင်းကစားဂိုဏ်းတွေမှာ တောင်ကိုရီးယားနိုင်ငံသား ၆၀ လောက် လိမ်လည်ခံခဲ့ရပြီး တောင်ကိုရီးယားဝမ် ၂၃ ဘီလီယံကျော်လောက် ဆုံးရှုံးခဲ့ရတယ်လို့ The Maeil Business ကိုရီးယားသတင်းစာမှာ ဖော်ပြပါတယ်။

ဒီလိမ်လည်မှုမှာတော့ စကားပြန်အလုပ်နဲ့ အွန်လိုင်းငွေကြေးအရောင်းအဝယ် အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်ခံရပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှု အလိမ်အညာတွေ၊ အချစ်ဇာတ်လမ်းနဲ့ လိင်ကုန်ကူးမှုတွေအပါအဝင် လိမ်လည်မှုလုပ်ငန်းတွေမှာ ခိုင်းစားခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီအမှုမှာ ဦးဆောင်ပါဝင်တဲ့ အသက် ၃၉ နှစ်အရွယ် ဂိုဏ်းခေါင်းဆောင် အမျိုးသမီးကိုတော့ ဒယ်ဂူးခရိုင် တရားရုံးက ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်မှာ နိုင်ငံသားတွေကို နိုင်ငံခြား တိုင်းပြည်တွေဆီ သွေးဆောင် ဖြားယောင်းပြီး မသမာတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ဖို့ အတင်းအကျပ် ခိုင်းစေတာတွေ အပါအဝင် ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် အသက် ၂၆ နှစ်အရွယ် အထွေထွေ အဖွဲ့ခေါင်း‌ဆောင်ကိုလည်း အလားတူပြစ်မှုတွေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်လိုက်ပြီး လူရှာဖွေ စုဆောင်းပေးသူ အသက် ၅၅ နှစ်အရွယ် တဦးအပါအဝင်နောက်ထပ် ၃ ဦးကိုတော့ ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီအမှုတွေမှာ ရင်းနှီးမြှုပ်နှံမှုအကြံပေးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အသက် ၂၈ နှစ်အရွယ် တဦးအပါအဝင် ၃ ဦးကိုတော့ တရားရုံးက ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ချမှတ်ခဲ့ပြီး ကျန်အဖွဲ့ဝင် ၁၀ ဦးကိုတော့ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လစီ အသီးသီး ချမှတ်လိုက်တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီလိမ်လည်မှုမှာ ဦးဆောင်ပါဝင်တဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အဖွဲ့သားတွေဟာ လာအိုအထူး စီးပွားရေးဇုန်နဲ့ မြန်မာနိုင်ငံ တာချီလိတ်ဒေသတွေမှာ ပြီးခဲ့တဲ့နှစ် မေလကနေ အောက်တို ဘာလတွေအတွင်း ကိုရီးယားကနေ ဆွဲဆောင်သိမ်းသွင်းခံရသူတွေကို ပိတ်လှောင်ထားပြီး အချစ်ရေးလိမ်လည်မှုတွေ၊ စတော့ရင်းနှီးမြှုပ်နှံမှုလို အလိမ်အညာလုပ်ငန်းတွေမှာ ဖိအားပေး ခိုင်းစေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါဂိုဏ်းဟာ ဒယ်ဂူး၊ ချန်းဝန်း၊ ဂွမ်ဆန်းနမ်ဒိုစတဲ့ နေရာတွေက ငွေကြေးအခက်အခဲရှိပြီး စီးပွားရေးမပြေလည်သူတွေကို ပစ်မှတ်ထား တွေ့ဆုံကာ “သင်တို့အနေနဲ့ ကိုရီးယားလို စာရိုက်နည်းကို သိရင် လာအိုမှာ တလကို ဝမ် ၁၀ သန်း ကျော်ရနိုင်တယ်” ဆိုတဲ့ အပြောတွေနဲ့ ဖြားယောင်းသွေးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် “စတော့ရှယ်ယာရင်းနှီးမြှုပ်နှံပါက အမြတ်ရစေမည်” ဆိုတဲ့ စာသားတွေကို လူအများအပြားဆီ မက်ဆေ့ခ်ျပေးပို့ခဲ့ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေကို chat room ဖွင့်ဖို့ ဆွဲဆောင်ခဲ့ပြီးနောက်မှာ အတုအယောင်ဖန်တီးထားတဲ့ ဝင်ငွေဂရပ်တွေကို ပြသကာ ဖြားယောင်းဆွဲဆောင်ပြီး ချေးယူထားတဲ့ ဘဏ်အကောင့်ဆီ လွှဲပြောင်းပြီးတော့ လိမ် လည်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

တရားရုံးကတော့ လိမ်လည်ခံရသူတွေဟာ စီးပွားရေးအရရော စိတ်ပိုင်းအရပါ အကြီးအ ကျယ်ထိခိုက်ခံစားကြရပြီး တရားခံတွေကို ကြီးလေးတဲ့ ထိုက်တန်နဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လျှောက်ထားတဲ့အတွက် အခုလို ပြစ်ဒဏ်ချမှတ်ရတာလို့ ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးရဲ့ သတင်းပေးချက်အရ စုံစမ်း စစ်ဆေးရေးအဖွဲ့က ဒေသတွင်း ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ပိတ်မိနေတဲ့ လိမ်လည် ခံရသူတွေကို ကယ်တင်သွားဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Source:The Maeil Business

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013