DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာ ၁၇ ဦးအား ဖမ်းဆီး
DVB
·
August 20, 2024
မန္တလေးတွင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာ ၁၇ ဦးအား ဖမ်းဆီး
Donate to DVB

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်တို့ကို သြဂုတ် ၁၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားရှိ နေအိမ်တအိမ်အတွင်း ဩဂုတ် ၁၈ ရက် ညနေ ၄ နာရီခွဲလောက်က အွန်လိုင်းအသုံးပြု ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ​ခဲ့တာလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦးပါ။ မြန်မာနိုင်ငံသားက အမျိုးသား ၁၀ ဦးနဲ့ အိမ်ရှင်အပါအဝင် အမျိုးသမီး ၇ ဦးပါ။ လောလောဆယ်တော့ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မ ၃၃(က)/၃၈ နဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားပါတယ်။”

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၁၈ ရက် ညနေ ၄ နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်က အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်စန္ဒာရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာက နေအိမ်အတွင်း အွန်လိုင်း အသုံးပြု ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား အသက် ၂၈ နှစ်အရွယ် Yanlong အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ထွမ်ဆန်းရွာနေ အသက် ၂၀ နှစ်အရွယ် ရဲမြင့် အပါအဝင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ကို လုပ်ငန်းလုပ်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၄ စုံ၊ လက်ပ်တော့ ၂ လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက် ၁ လုံး၊ Ruijie Regee တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့်စက် ၃ လုံးနဲ့ တခြား ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် နေ့လယ်ပိုင်းကလည်း ပြည်မြို့နယ်၊ ရွာဘဲနယ်မြေ၊ ရွှေတချောင်းလမ်းနဲ့ ပြည်ရတနာလမ်းထောင့်ရှိ Lucky 7 ဂိမ်းစင်တာ လောင်းကစားရုံကို စစ်ကောင်စီအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်တွင်းရှိ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကို တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013