DVB Logo
Home
မြန်မာသတင်း
MNDAA ထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးဌာနတွင် CDM ဝန်ထမ်းများနှင့် လည်ပတ်နေ
DVB
·
August 20, 2024
MNDAA ထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးဌာနတွင် CDM ဝန်ထမ်းများနှင့် လည်ပတ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်နယ်မြေ၊ ရှမ်းပြည်နယ် အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနမှာ CDM အများစုပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ၅၀၀ နီးပါးနဲ့ လည်ပတ်နေကြောင်း အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဘသက်က ပြောပါတယ်။

“အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ အော်ပရေးရှင်း နောက်ပိုင်းပေါ့။ အပြီးမှာ ၂၀၂၄ ခု ဇန်နဝါရီလမှာ အကောင်အထည်ဖော်ပါတယ်။ ကျန်းမာရေးဝန်ထမ်း‌ပေါင်း ၅၀၀ နီးပါးခန့်နဲ့ ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်ပြီးတော့ CDM ဝန်ထမ်း အများစုနဲ့ ကျနော်တို့ လည်ပတ်နေတာပေါ့။”

အထူးဒေသ ၁ ကျန်းမာရေးဌာနကို အထူးဒေသ ၁ အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး၊ လူမျိုးဘာသာမရွေး တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့၊ အဘက်ဘက်ကနေ ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ်ကို အဆင့်မြှင့်တင်ဖို့နဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေး စနစ်တခု တည်ဆောက်ဖို့၊ ကျန်းမာရေး CDM ဝန်ထမ်းအားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေဖို့ စတဲ့ အဓိကရည်ရွယ်ချက် ၃ ရပ်နဲ့ စတင် အကောင်အထည်ဖော်တာလို့ သူက ပြောပါတယ်။

ကြူကုတ် (ပန်ဆိုင်း) မြို့နယ်က ကျေးလက်ဒေသခံတယောက်က “ကျမတို့ရွာမှာလည်း ကိုးကန့်တွေ ဆေးခန်းဖွင့်ထားတယ်။ ဆရာဝန်တော့ အမြဲတမ်းမရှိဘူး။ ဆရာဝန်လာရင်တော့ အခမဲ့ စစ်လို့ရတယ်။ သောက်ဆေးတွေလည်း ပိုက်ဆံပေးစရာ မလိုဘူး” လို့ ပြောပါတယ်။

လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ကိုးကန့်တပ် (MNDAA) က ဖွင့်လှစ်ထားတဲ့ ကျေးလက် ကျန်းမာရေးဌာနမှာ အခမဲ့ သွားရောက်ရယူနိုင်သလို ကျေးလက်ကျန်းမာရေးဌာနမှာ မထားတဲ့ ဆေးဝါးတွေကိုတော့ အချက်အလက်တွေယူပြီး သူတို့ရဲ့ ရုံးချုပ်ဘက်က ပြန်လည်မှာယူပေးတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့မှာရှိတဲ့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကိုလည်း ဩဂုတ် ၁၁ ရက်ကစပြီး ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်မှာ ဒေါက်တာဘသက်က ပြောကြားထားပါတယ်။

“လူနာတွေကလည်း တရက်ထက်တရက် ပိုပိုများလာပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူမျိုးဘာသာမရွေး အားလုံး လာရောက်ပြီးတော့ ကုသမှု ခံယူနိုင်ပါတယ်။”

လက်ရှိ လားရှိုးဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ လူနာဦး‌ရေက ဩဂုတ် ၁၅ ရက် တရက်တည်းတင် OPT လူနာ ၁၆၈ ယောက်ရှိပြီး အတွင်းလူနာက ၃၈ ယောက် ရှိတဲ့အပြင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာထားတဲ့ သုံ့ပန်းတချို့ကိုလည်း ကုသမှုပေးနေတယ်လို့ သူက ထပ်မံ ပြောပြပါတယ်။

အထူး‌ဒေသ ၁ ရဲ့ ကျန်းမာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အကောင်အထည် ဖော်နေတာက လားရှိုး ပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးတွေ၊ ခေတ်မီ စက်ပစ္စည်း ကိရိယာတွေ ထပ်မံဖြည့်စွက်ပြီးတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးတခုဖြစ်အောင် ဆက်လက် တည်ဆောက်သွားမယ်လို့ သူက ရှင်းပြထားပါတယ်။

လားရှိုးဆေးရုံကြီးမှာ လက်ရှိ အရေးပေါ် ထိခိုက်ရှနာလူနာတွေ အပါအဝင် သားဖွားမီးယပ်၊ သွေး/ဆီးစစ်ခြင်း၊ ဓာတ်မှန်နဲ့ Ultrasound ရိုက်ခြင်း၊ OG ရိုးရိုးနဲ့ ခွဲစိတ်ခြင်းတွေကိုလည်း လက်ခံကုသပေးနေပြီဖြစ်ပြီး TB ဆေးနဲ့ ART ဆေးတွေလည်း လာရောက်ထုတ်ယူနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တပတ်အကြာမှာ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ခဲ့တာပါ။

Pra Jaw

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013