DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီရည်ညွှန်းဈေး တပိဿာ ကျပ် ၆,၀၀၀ ကျော်၊ ပြင်ပပေါက်ဈေး ကျပ် ၁၈,၀၀၀ ရှိလာ
DVB
·
August 20, 2024
စားအုန်းဆီရည်ညွှန်းဈေး တပိဿာ ကျပ် ၆,၀၀၀ ကျော်၊ ပြင်ပပေါက်ဈေး ကျပ် ၁၈,၀၀၀ ရှိလာ
Donate to DVB

စားအုန်းဆီရည်ညွှန်းဈေးဟာ ကျပ် ၆၁၇၀ အထိရှိလာပြီး ပြင်ပပေါက်ဈေးမှာ တပိဿာကျပ် ၁၈,၀၀၀ အထိ ရှိလာပြီလို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဒီလို စားအုန်းဆီရည်ညွှန်းဈေးတွေနဲ့ ပြင်ပပေါက်ဈေးတွေ မြင့်တက်လာတဲ့အတွက် ပြည်သူတွေဟာ သတ်မှတ်ဈေးအတိုင်း ရောင်းချတဲ့နေရာတွေမှာပဲ နေ့စဉ် တန်းစီဝယ်ယူနေကြရကာ စားအုန်းဆီဈေးကွက်အတွင်း ရောနှောဆီတွေလည်း ဝင်ရောက်လာတယ်လို့ စားအုန်းဆီရောင်းချနေသူတွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတဦးက “ကျမတို့ ရွှေပြည်သာမှာဆိုရင် စားအုန်းဆီဝယ်ဖို့ တော်တော်ခက်ခဲတယ်။ တခြားနေရာတွေမှာ တန်းစီပြီးဝယ်ရင် ၅၀ သားလောက်ပဲရတယ်။ ကျမတို့ဆီမှာ မနက်အစောကြီး တန်းစီပြီးဝယ်ရင်တောင် အစိတ်သားပဲရတယ်” လို့ ပြောပါတယ်။

စားအုန်းဆီ ဝယ်ယူရခက်ခဲတာနဲ့ ပြင်ပပေါက်ဈေး အဆမတန်မြင့်တက်နေတာတွေကြောင့် ရန်ကုန်မြို့က အခြေခံလူတန်းစားတွေနဲ့ အကြော်ဆီ အသုံးလိုတဲ့ လုပ်ငန်းတွေဟာ ဝက်ဆီဖတ် ကြော်ရာက ရတဲ့ဆီတွေနဲ့ ရောနှောဆီတွေကို ဝယ်ယူသုံးစွဲနေကြရတယ်လို့ သိရပါတယ်။

အခုနှစ် ဇွန်လအတွင်းကစလို့ စားအုန်းဆီရောင်းချတဲ့ ပြောင်းလဲလာမှု၊ ဆီကို လိုသလောက် မရတော့တဲ့ အခြေအနေ၊ ဈေးနှုန်းမြင့်တက်မှုတွေ၊ စားအုန်းဆီဝယ်ယူဖို့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ပြသ ဝယ်ယူရတဲ့ အခြေအနေတွေနဲ့ ဝယ်ယူရ ခက်ခဲတာ‌တွေကြောင့် ရောနှောဆီတွေ ဝင်ရောက်လာတာလို့ စားအုံးဆီရောင်းနေသူတွေက ပြောပါတယ်။

ဆီရောင်းနေသူတဦးက  “ကျနော်တို့ ဆီရောင်းတဲ့သူတွေတောင် ဆီက ဝယ်မရဖြစ်နေတာ။ အခုရောင်းနေတာက ဟင်းသီးဟင်းရွက်ဆီဘူးတွေပဲ ရောင်းတယ်။ ရောနှောဆီတွေကတော့ ဝင်မှာပဲ။ စီးပွားရေးသမားတွေက သူတို့ပိုက်ဆံရဖို့ ဘာမဆိုလုပ်မှာပဲ။ ဝက်ဆီကြော်ဆီတို့ နှစ်ပြန်ကြော်ဆီတွေဆိုတာက ဆပ်ပြာမှုန့်နဲ့ ပြန်ပြင်လိုက်ရင် ကြည်သွားတာပဲ။ ဓာတုဆေးတမျိုးလည်း ထည့်ရသေးတယ်။ ကျန်းမာရေးအတွက် မစားသင့်တဲ့ဆီတွေပါ” လို့ ပြောပါတယ်။

စားအုန်းဆီဝယ်ယူရ ခက်ခဲတာ‌တွေကြောင့် မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းက ရန်ကုန်တိုင်း ၄၄ မြို့နယ်အတွင်း တအိမ်ထောင်  ၂ ပိဿာနှုန်းနဲ့ တပိဿာကို ကျပ် ၇,၇၀၀ နဲ့ ဇူလိုင် ၃၁ ရက်ကစတင်ပြီး အိမ်တိုက်ရာရောက်စနစ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာခဲ့ရာ ဖုန်းခေါ်ဆိုမှု များလွန်းတဲ့အတွက် ဆက်လက်မရောင်းချနိုင်တော့ပါဘူး။

၂၀၂၃ ခု စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ စားအုန်းဆီပြတ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် တန်းစီဝယ်ယူရမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013