DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ရေကြီးရေလျှံပြီး စပါးဧကထောင်ချီ ရေနစ်မြုပ်
DVB
·
August 19, 2024
ရှမ်းပြည်နယ်တွင် ရေကြီးရေလျှံပြီး စပါးဧကထောင်ချီ ရေနစ်မြုပ်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း မိုးနဲ၊ လင်းခေး၊ တောင်ကြီး၊ မောက်မယ်၊ မိုင်းပန်နဲ့ အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ စတဲ့မြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့အပတ်ကစပြီး ဩဂုတ် ၁၈ ရက်အထိ မိုးသည်းထန်တာကြောင့် ရေကြီးရေလျှံပြီး လယ်ယာစိုက်ကွင်းဧက ထောင်ချီ ရေထဲ နစ်မြုပ်နေပါတယ်။

မိုးနဲမြို့နယ်မှာ ဩဂုတ် ၁၄ ရက်ကတည်းစ ဒီကနေ့အထိ ရေတွေမကျသေးတာကြောင့် စပါးစိုက်ပျိုးဧက ၉,၅၀၀ လောက် ရေလွှမ်းနေပြီး တဝက်လောက်က ပျက်စီးဖို့အခြေအနေ ရှိတယ်လို့ မိုးနဲဒေသခံတဦးက DVB ကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ စုစုပေါင်း စပါးစိုက်ဧက ၉,၅၀၀ လောက်ရှိတယ်။ တချို့စိုက်ကွင်းက ပျိုးမနှုတ်ရသေးဘူး၊ တချို့က စိုက်ထားပြီးပြီ၊ မိုးရွာလို့ ရေကြီးတော့ ကောက်စိုက်ပြီးစ စပါးပင်တွေ ရေထဲမျောကုန်တယ်၊ ရေထဲမမျောတဲ့ အပင်တွေကျတော့ အခု ရေထဲမှာ ၅-၆ ရက် နစ်နေတော့ အမြစ်တွေပုပ်ကုန်မှာ စိုးရတယ်။ ရေကမကျသေးတော့ အပျက်အစီးစာရင်း အတိအကျ မသိရသေးပါဘူး။ မှန်းကြည့်ရရင်တော့ တဝက်လောက် ပျက်စီးမယ် ထင်တယ်။”

ရေလွှမ်းနေတဲ့ စိုက်ကွင်းတွေမှာ ခေါက်မ၊ နားပေလတ်၊ လွိုင်စယ်၊ ဟိုနောင်၊ ကာကယ်၊ နောင်မြိုင်း၊ နောင်အွန်၊ ဝမ်ဟေ၊ ဟိုင်းကေ စတဲ့စိုက်ကွင်းတွေဖြစ်ကြောင်း၊ ရပ်ထဲရွာထဲနဲ့ လမ်းမ လမ်းသွယ်တွေမှာလည်း ရေတွေဝင်တယ်၊ တချို့အိမ်က ခြံစည်းရိုးအုတ်နံရံ ပြိုကျတယ်၊ ကျန်တာ အပျက်အစီးတော့ မသိရဘူးလို့ ဆိုပါတယ်။

မိုးနဲမြို့ဟာ တောင်တွေပတ်လည်ဝိုင်းထားတဲ့မြို့ဖြစ်ပြီး အရင်ကလည်း ရေကြီးတာရှိပေမဲ့ ခုလောက်မဆိုးရွားကြောင်း၊ နောက်ပိုင်းမှာ သစ်တောခုတ်ပြီး တောင်ယာလုပ်တာ များလာတယ်၊ သစ်တောပြုန်းတီးပြီး ရေကို မထိန်းနိုင်တော့ မိုးရွာရင် တောင်ကျရေတွေဟာ မိုးနဲမြို့မှာရှိတဲ့ ချောင်းတွေ မြောင်းတွေထဲ စီးဆင်းလာပြီး ရေကြီးရေလျှံဖြစ်ရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်နယ်ဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ရေကြီးတာကို လာရောက်စစ်ဆေးသွားပေမဲ့ ဘယ်လိုကူညီထောက်ပံ့ပေးမလဲ ဆိုတာတော့ မသိရသေးဘူးလို့ မိုးနဲဒေသခံက ပြောသွားပါတယ်။

အလားတူ တောင်ကြီးခရိုင် ပုန်းအင်းဒေသထဲမှာလည်း စပါးခင်းတွေ အတော်များများ ရေထဲနစ်မြုပ်နေတယ်လို့ ပုန်းအင်းဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ ဒီလ ၁၄ - ၁၅ ရက်နေ့ကတည်းက ရေကြီးပါတယ်။ ရေအမြင့်က ၃ ပေ ၄ ပေထိ တက်တယ်။ ဘယ်ရွာတွေလဲဆိုရင် ပုန်းအင်းတကြောလုံးလိုပါပဲ။ ဟိုလီ၊ ကုန်းကျိုင်း၊ ဟန်လွဲ၊ တွန့်မုန့်၊ ဟိုတတ်၊ ဆီဆုံ၊ တိဟေး၊ ဝမ်ခွမ်၊ နမ့်ပန်၊ ဝမ်ပုန်း၊ ဝမ်နောက်၊ ကွန်ဆိုင်း၊ ဆိုင်လဲ၊ နောင်ဇန့်၊ ပန်လွန်၊ ပန်မွန်း၊ တန်အယ် အဲဒီရွာတွေပေါ့။”

ပုန်းအင်းဒေသမှာ ရွာပေါင်း ၃၀ ကျော်ရှိပြီး ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင် စတဲ့မြို့နယ် ၃ ခုထဲပါတဲ့ နမ့်တဘက်ချောင်းရိုးတလျှောက်က ရွာတွေကို စုပြီး ပုန်းအင်းလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ပုန်းအင်းဒေသမှာ ဆန်စပါးစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်တာကြောင့် ရွာတိုင်းလို စပါးခင်းရှိပြီး ရေလွှမ်းခံရတဲ့ ဧကပေါင်းလည်း ရာနဲ့ချီရှိမယ်လို့ ခန့်မှန်းကြောင်း ဒေသခံက ပြောပါတယ်။

အလားတူ လင်းခေး၊ မောက်မယ်၊ မိုင်းပန် စတဲ့ဒေသတွေမှာလည်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တိန်းချောင်း၊ နမ့်ပန်ချောင်းရေတွေ လျှံကျကာ လူနေအိမ်ခြေရပ်ကွက်နဲ့ လမ်းမ လမ်းသွယ်တွေပေါ် ရေတွေဝင်ပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့  လင်းခေးဒေသခံက  ပြောပါတယ်။

“လင်းခေးမှာ ဒီလ ၁၄ ရက်ကစပြီး နမ့်တိန်းချောင်းရေ တက်လာတာ။ ၁၆ ရက်နေ့မှာ ချောင်းဘေးတလျှောက် ဈေးတန်းရပ်၊ အရှေ့ရွာမကြီး ရပ်ကွက်ထဲက လူနေအိမ်တွေထဲ ရေဝင်တယ်၊ လမ်းမပေါ်တွေမှာရော၊ ဒီနေ့တော့ ရေနည်းနည်းပြန်ကျသွားပြီ။ ဒါပေမဲ့ မိုးရွာဦးမယ့်ပုံပဲ၊ အခြေအနေ စိတ်ချလို့ မရသေးဘူး။”

မိုင်းပန်မြို့မှာလည်း စပါးစိုက်ခင်းထဲ ရေတွေဝင်ပေမဲ့ ပျက်စီးအခြေအနေ မသိရဘူးလို့ ဆိုပါတယ်။

ရှမ်းအရှေ့ပိုင်း မိုင်းတုံမြို့မှာလည်း ဒီလ ၁၅ ရက်က နမ့်တုံချောင်းရေတက်ပြီး မြို့အဝင်အထွက် တံတားနားမှာ မြေပြိုကျသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။

ကျိုင်းတုံနဲ့ တာချီလိတ်မြို့မှာလည်း တပတ်အတွင်း ရေကြီးမှု ၂ ကြိမ် ကြုံခဲ့ရပြီး ဒီကနေ့တော့ ရေတွေပြန်ကျသွားလို့ သန့်ရှင်းရေးတွေ ပြန်လုပ်နေတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြနေကြပါတယ်။

ပြည်ပကနေ မိုးလေဝသ ခန့်မှန်းဖော်ပြပေးနေတဲ့ Su Su San ခေါ် မင်းကွတ်သီးကတော့ ၂၀၂၄ သြဂုတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ကလောခရိုင်၊ တောင်ကြီးခရိုင်၊ လင်းခေးခရိုင်၊ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင် ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်တယ်၊ မိုးကြီးရေလျှံ သတိပြုကြပါလို့ သတိပေး ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013