
စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် လယ်ယာလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ နေ့စား လုပ်သားတွေဟာ ဒေသတွင်းမတည်ငြိမ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ အလုပ်အကိုင်ရှားပါးတာ တွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မြို့ပေါ်နဲ့ကျေးရွာတွေပါမကျန် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ကြား တိုက်ပွဲတွေဖြစ်ပွားတာ၊ စစ်တပ်က ကျေးရွာတွေကို ဗုံးကြဲတာ၊ စစ်ကြောင်းထိုးပြီး ဒေသခံ တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာကြောင့် ဒေသခံပြည်သူတွေဟာ လုပ်ငန်းခွင်တွေကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒေသခံပြည်သူတွေဟာ လယ်၊ ယာလုပ်ငန်းခွင်ကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး နေ့စားလုပ်သားတွေဟာ လက်ရှိမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။
နေ့စားလယ်လုပ်သား ကိုထွန်းထွန်းမင်းက “လုပ်ကိုင်စားသောက်ရတာ ခက်ခဲကျပ်တည်းတာ အများကြီးပေါ့။ အခုဟာက အာဏာမသိမ်းခင်ကလုပ်စားရတာ အလုပ်သမားလေးတွေ ပိုကြလျှံကြတယ်။ တော်တော်လေးကို အဆင်ပြေကြပါတယ်။ အခုဟာကတော့ စစ်ကာလဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ လုပ်အားခနဲ့ ကုန်ကျစရိတ်က မမျှတတော့ တော်တော်လေးကို အခက်အခဲဖြစ်ကြတယ်။ ရတဲ့ လုပ်အားခနဲ့ ဝယ်ရခြမ်းရတာ မမျှတော့ဘူး။ မမျှတော့ ကျနော်တို့ ကူလီတွေအနေနဲ့ ခက်ခဲကျပ်တည်းတာ တော်တော်ကိုဖြစ်တယ်”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာမသိမ်းမီက ကြက်ဥတလုံး ၁၅၀ ကျပ်၊ အခု ကြက်ဥတလုံး ၇၀၀ ကျပ် အရင်က ဓါတ်ဆီတလီတာ ၇၀၀ ကျပ်၊ အခု တလီတာ ၈,၅၀၀ ကျပ်၊ အရင်က စားအုံးဆီတစ်ပိဿာ ၂,၅၀၀ ကျပ်၊ အခု ၂၀.၀၀၀ ကျပ်အထိ အထိ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ အိမ်ကို စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မထက်ထက် “အရင်တုန်းက ကြက်ဥ ၁ လုံးမှ ၁၅၀ ၊ ဆီ ၁ ပိဿာမှ ၇,၀၀၀၊ ၈,၀၀၀ ကျပ်။ အခု စားရသောက်ရတာ ကုန်ဈေးနှုန်းတွေကတက်တော့ အဆင်မပြေဘူးပေါ့ မိသားစုတွေ။ ကိုယ်မိသားစုတွေ နိုင်ငံရေးက မအေးတော့ အိမ်အတွက် စိတ်ပူရတာပေါ့။ နိုင်ငံရေးမကောင်းတော့ ကလေးတွေအတွက် စိတ်ပူရပါတယ်။ နိုင်ငံရေးလည်း အေးဆေးစေချင်ပါတယ်။ ကျောင်းသားလေးတွေ အဆင်ပြေ ချောမွေစွာနဲ့ တက်ရတာမျိုးဖြစ်ချင်တယ်”လို့ ပြောပါတယ်။
ပြည်တွင်းစစ်ကာလ မိသားစုရှေ့ရေးကို အရှည်ကြီးမမျှော်လင့်ရဲပေမဲ့ မိသားစုလေး စုံစုံလင်လင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုထွန်းထွန်းမင်းက “ပြည်တွင်းစစ်ကာလကတော့ ကျနော်တို့ ရှေ့ရေးရယ်လို့တော့ ရှည်ရှည်ဝေးဝေးတအားကြီး မမျှော်လင့်ရဲဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခုပြောတဲ့ တလတန်သည် ၁၀ လတန်သည် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်လေးနေရဖို့လောက်ပဲ ရေရှည်စီမံကိန်း တအားကြီး မျှော်လင့်နေလို့မရတဲ့ကာလကြီးဆိုတော့ ကျနော်တို့က မိသားစု အတွက် အရှည်ကြီးတွေးမထားဘူး။ အခုချိန်က ဒီနေ့မြင်ပေမဲ့ မနက်ဖန် ပျောက်ချင်ပျောက်မှာဆိုတော့ စစ်ကာလဆိုတော့ စစ်ကော်မရှင်ကလည်း လေယာဉ်က သိတဲ့ အတိုင်းပဲ စာသင်ကျောင်းတွေ၊ ရွာထဲတွေချနေတော့ ဘယ်နေ့ ဘယ်ရက် ဘယ်လိုဖြစ်မယ်ဆိုတာ မသိတော့ ရေရှည်တအားကြီး မတွေးထားရဲဘူး။ မိသားစုလေး စုံစုံလင်လင်လေး တွေ့တုန်းဆုံ နေရခိုက်လေး တနေ့တာ မိသားစု ပျော်ပျော်ရွှင်ရွှင်လေးဖြတ်သန်းချင်တာပါ”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မိုးစပါးစိုက်ဧက ၆ သိန်းကျော်ရှိပြီး သီးထပ်အနေနဲ့ နွေစပါး ၃ သိန်းနီးပါး စိုက်ပျိုးတဲ့အပြင် သဖန်းဆိပ်ရေလှောင်တမံကနေ ရေသောက် မိုးစပါးဧက ၅ သိန်းနီးပါးရှိပါတယ်။
လက်ရှိမှာ ဒေသမတည်ငြိမ်တာကြောင့် မိုးစပါးစိုက်ဧက ၄ သိန်းလောက်ပဲစိုက်ပျိုးနိုင်ခဲ့ပြီး ရေကြီးနစ်မြုပ်မှု ကြောင့် မိုးစပါးဧက ၃၀,၀၀၀ လောက် ပျက်စီးသွားတယ်လို့ စိုက်ပျိုးရေး ဝန်ထမ်းတွေဆီက သိရပါတယ်။
အောင်ခန့်











