
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ဒေသတချို့မှာ နှစ်ရှည် ရွှေတူးဖော်တွေကြောင့် ရေအရင်းအမြစ် ပျက်စီးလာပြီး လယ်လုပ်ဖို့ခက်လာတာကြောင့် လယ်ယာအလုပ်ကို စွန့်လွှတ်သူတွေ များလာတယ်လို့ သိရပါတယ်။
ပန်ကိုင်၊ တီးမနဲ့အနီးတဝိုက်၊ ပန်ကိုင်တောင်ကြောတလျှောက်နဲ့ မုန်းလောင်းချောင်း အထက်ပိုင်းတကြောမှာ ရွှေတူးဖော်တာ များလာပြီး မြေစာပုံတွေဟာ လယ်နဲ့ ရေမြောင်းတွေအတွင်း ဝင်ရောက်လာတာကြောင့် လယ်ယာလုပ်ငန်းကို ဆက်မလုပ်နိုင်တော့တဲ့အထိ ထိခိုက်လာပြီး သစ်တောလည်း ပြုန်းတီးသွားတာပါ။
ဒေသခံတယောက်က “ရေ ညစ်ပတ်ကုန်တာ။ မြေနီတွေ ဝင်ကုန်တာ။ အဲဒါတွေတင်မကဘူး။ နေရာအနှံ့မှာ တူးပစ်လိုက်တော့ ရေလည်း အရမ်းလျော့သွားတယ်။ ရေ နည်းသွားတယ်” လို့ ပြောပါတယ်။
ရွှေတူးဖော်ရာက ထွက်လာတဲ့ မြေစာတွေ လယ်ယာမြေတွေထဲ ဝင်ရောက်ဖုံးလွှမ်းလာတာကြောင့် အရင်ကလို အထွက်နှုန်းမရတော့ဘဲ လယ်သမား အများအပြားဟာ လယ်ယာလုပ်ငန်း စွန့်လွှတ်လာကြတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခု လယ်လုပ်လို့ မရတော့ဘဲနဲ့ နားထားရတာက ဧက ၂၀၀ လောက်ရှိမယ်။ ရေလည်း မရနိုင်တော့ဘူး။ ရေလာမြောင်းတွေလည်း ပျက်ကုန်ပြီလေ” လို့ ပြောပါတယ်။
ပန်ကိုင်ဘက် လယ်ယာမြေတွေမှာ ရေမရှိလို့မဟုတ်ဘဲ အပေါ်ပိုင်းတကြော ရွှေတူးဖော်မှုက ထွက်လာတဲ့ မြေစာနဲ့ မြေနီတွေ လယ်တောနဲ့ ရေထဲကိုရောက်လာတာကြောင့် စိုက်ပျိုးရေး ပိုမိုခက်ခဲလာတာ ဖြစ်ပါတယ်။
တချို့ လယ်သမားတွေက စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်နေရပေမဲ့ အထွက်နှုန်းက အရင်ကနဲ့ မနှိုင်းယှဉ်နိုင်အောင် လျော့ကျသွားတယ်လို့ လည်းဆိုပါတယ်။
အဲဒီဒေသကို ရောက်ခဲ့ဖူးသူတယောက်ကလည်း ပန်ကိုင်ဘက်မှာ ၂၀၂၂ ခုနှစ်လောက်ကတည်းက ရေအခက်အခဲ အလွန်ဆိုးရွားနေပြီး ဒေသခံတွေရဲ့ နေထိုင်မှုအခြေအနေပါ ခက်ခဲနေတယ်လို့ ပြောပါတယ်။
“ရေမရှိလို့ နွားခြေရာခွက်ထဲကရေကို ငုံ့သောက်ခဲ့ရတာ။ နွားချေးစော်နံလို့ သောက်ပြီး တဝေါ့ဝေါ့နဲ့ ပြန်အန်ရတယ်” လို့ သူက ပြောပါတယ်။
ပန်ကိုင်ရွာဘက်မှာ အရင်ကတည်းက ရေရှားပြီး တောင်ကြောမြင့်တဲ့ဒေသ ဖြစ်တာကြောင့် ရေရရှိရေး ခက်ခဲသလို၊ အောက်ခြေချောင်းတွေမှာပါ ရွှေကျင်လုပ်ငန်းတွေ ရှိလာတာကြောင့် သောက်သုံးရေ အရင်းအမြစ် ထပ်မံထိခိုက်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် အရင်အစိုးရလက်ထက်မှာ ဒေသခံတွေ ဆန္ဒပြလို့ ပိတ်ထားခဲ့တဲ့ ရွှေမှော်တွေမှာ လက်ရှိ ရွှေတူးလုပ်ငန်း ပြန်လုပ်နေကြပြီး ပန်ကိုင်ဒေသမှာတော့ MNDAA တပ်ဖွဲ့တွေ အဓိက ချုပ်ကိုင်ထားတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ရွှေလုပ်ငန်းတွေမှာတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ခြေချင်းလိမ်နေအောင် လွှမ်းမိုးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိုးကုတ်ဘက်က စစ်ဘေးရှောင်တချို့ဟာလည်း လက်ရှိ အဲဒီဒေသမှာ ခိုလှုံနေထိုင်ရင်း တနိုင်တပိုင် ရွှေတူးဖော်လုပ်ကိုင်နေကြပါတယ်။










