
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက လယ်သမားတွေအနေနဲ့ သူ့တို့ရဲ့ လယ်မြေတွေကို လုပ်ကိုင်ခြင်းမရှိဘဲ ၃ နှစ်ဆက်တိုက် ထားရှိပါက မြေရိုင်း၊ မြေလွတ်အဖြစ် အစိုးရက ပြန်လည်သိမ်းဆည်းနိုင်ခွင့်ရှိတယ်လို့ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရအဖွဲ့ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှု ကော်မတီရဲ့ အတွင်းရေးမှူး ဦးကျော်ဇံက ပြောပါတယ်။
လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူ အနေနဲ့ မြေယာကို အကြောင်းပြချက်မရှိဘဲ မစိုက်ပျိုးဘဲ ထားတာကို တရားဝင် ခွင့်ပြုထားခြင်းမရှိသလို၊ အဲဒီလို မြေလွတ်အဖြစ်ထားရှိပါက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ ကို ပယ်ဖျက်နိုင်ခွင့်ရှိသလို တခြားတယောက်ကို အစိုးရက လွှဲပြောင်း ပေးပိုင်ခွင့်ရှိတယ်လို့ ULA/AA ရဲ့ ပြန်ကြားရေး လက်အောက်ခံ အာရက္ခပြည်သူ့အသံ မီဒီယာနဲ့ ဩဂုတ် ၈ ရက်နေ့ သီးသန့်အင်တာဗျူးမှာ ဦးကျော်ဇံက ပြောပါတယ်။
“လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူတွေ အနေနဲ့ မြေယာကို အကြောင်းပြချက်မရှိဘဲ ပစ်ထားတာ၊ စိုက်ပျိုးခြင်း မရှိဘဲ မြေလွတ် အဖြစ်ထားတာကို တရားဝင် ခွင့်ပြုမထားပါ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမဲ့ စည်းကမ်းချက်တွေအရ လယ်ယာမြေကို စိုက်ပျိုးခွင့် မရှိဘဲ ပစ်ထားပါက ပထမအဆင့် လယ်ယာမြေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ မြေလွတ်ထားတဲ့အတွက် သတ်မှတ် ဒဏ်ကြေငွေ ပေးဆောင်စေခြင်း ပြုလုပ်နိုင်ပါတယ်။ ဒုတိယ အဆင့် ဒဏ်ငွေ ပေးဆောင်ပြီးပေမဲ့လည်း ဆက်လက် စိုက်ပျိုးခြင်း မရှိပါက အဲဒီလယ်ယာမြေထက်က ဖယ်ရှားခြင်းကို ပြုလုပ်နိုင်ပါတယ်။ တတိယအဆင့် နောက်ဆုံးအနေနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ ကို ပယ်ဖျက်ပြီးတော့ အစိုးရက အဲဒီလယ်မြေကိုပြန်လည် သိမ်းဆည်းခြင်းပြုလုပ်နိုင်တယ်။ လယ်ယာမြေကို စိုက်ပျိုးခြင်းမရှိဘဲ မြေလွတ်အဖြစ် ထားနိုင်တဲ့ ကာလ ဥပဒေမှာ မပါရှိရင်လည်း လယ်ယာမြေ ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်က တိုင်းပြည် စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်နိုင်ဖို့အတွက် လယ်မြေကို အလဟဿ ပစ်ထားတာမျိုး မဖြစ်အောင် ပေးထားတာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ချက်အရဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ လျှောက်တင်ထားတာကို ကင်းလွတ်ခြင်း ပေးနိုင်ပေမဲ့ တကယ်လို့ ခွင့်ပြုချက်မတင်ဘဲ မြေဗလာအဖြစ် ၃ နှစ်ဆက်တိုက် ပစ်ထားပါက အဲဒီမြေကို စိုက်ပျိုးခြင်းမရှိတဲ့ မြေလွတ်၊ မြေရိုင်းအဖြစ် မှတ်တင်သွင်းပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မဲ့ တခြားသူတယောက်ကို ပြန်လည် ချထားပေးပိုင်ခွင့်ရှိပါတယ်။”
တကယ်လို့ လယ်သမားတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင်နိုင်ခြင်းမရှိပါက စိုက်ပျိုးမဲ့သူ တယောက်ဆီကို တရားဝင် အငှားချထားဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့်၊ မြေဆီလွှာ ပျက်စီးမှုကြောင့်နဲ့ မိသားစုကျန်းမာရေး၊ ငွေကြေး အခက်ခဲတွေကြောင့် ခဏရပ်တန့်ထားလိုကြောင်း အကျိုးအကြောင်း စာတင်ထားပါက မြေလွတ်၊ မြေရိုင်းအဖြစ်က သိမ်းဆည်းခြင်းကို ကင်းလွတ်နိုင်တယ်လို့ ဦးကျော်ဇံက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက လယ်သမားတွေဟာ ၃ နှစ်ဆက်တိုက် အရှုံးတွေနဲ့ ရင်ဆိုင်လာကြရတာကြောင့် လယ်ယာစိုက်ပျိုးမှုတွေဟာလည်း ဆက်တိုက်လျော့ကျလာနေတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားပြီးနောက် ရခိုင်ပြည်နယ် ထွက်ရှိတဲ့ ဆန်စပါးတွေဟာ ပြည်မနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ထားနိုင်ခြင်းမရှိတော့တာကြောင့် ရခိုင်ပြည်တွင်းမှာသာ စားသုံးမှုရှိနေကြတဲ့ အတွက် ဈေးကောင်းမရရှိဘဲ အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေကြရလို့ လယ်စိုက်ပျိုးမှု လျော့နည်းလာပါတယ်။
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအနေနဲ့ လယ်သမားတွေ လယ်မစိုက်ပျိုးနိုင်တော့ဘဲ မြေလွတ်အဖြစ် ထားရှိတာကို သိမ်းဆည်းဖို့ ပြောဆိုတာထက် လယ်သမားတွေကို အစိုးရဘက်က အထောက်အပံ့တွေ ပြုလုပ်ပေးပြီး လယ်ယာ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးဖို့ကိုသာ ကူညီသင့်တယ်လို့ မြောက်ဦးမြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။
“လယ်သမားတွေ လယ်မြေတွေကို မြေလွတ်အဖြစ် ထားကြရတာ မလုပ်ချင်လို့ မဟုတ်ဘူး။ အရှုံးမခံနိုင်တော့လို့ လောလောဆယ် မလုပ်ဘဲ မြေလွတ်အဖြစ် ထားကြရတာဖြစ်တယ်။ လယ်ပိုင်ရှင် ကိုယ်တိုင် လုပ်လို့တောင် အရှုံးပေါ်နေတဲ့ အခြေအနေမှာ ဘယ်သူမှ တခြားသူ လယ်ကို အခကြေးငွေပေးပြီး ငှားလုပ်မဲ့သူ မရှိဘူး။ အစိုးရအနေနဲ့ မြေလွတ်ဖြစ်နေတဲ့ လယ်မြေတွေကို သိမ်းဆည်းနိုင်တယ်လို့ ပြောတာထက် ရခိုင်က လယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်နေရတောတွေကို ဖြေရှင်ဖို့နဲ့ လယ်ယာမြေကဏ္ဍ မြှင့်တင်နိုင်ဖို့ကိုပဲ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။”
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် စပါးတင်ပို့နိုင်မှု မရှိလို့ ဈေးကောင်းမရရှိတာ၊ သွင်းအားစု စရိတ်နဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်မှုတွေကြောင့် လယ်သမားတွေကို လယ်ယာစိုက်ပျိုးမှုကို လျော့ချပြီး တခြားစီးပွားရေးလုပ်ငန်းတွေကို ပြောင်းပြီး လုပ်ကိုင်လာနေကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က လယ်မြေဧက ၁၃ သိန်း နီးပါးရှိတဲ့အထဲက အခုနှစ် စိုက်ပျိုးရာသီမှာ လယ်ဧက ၇ သိန်းဝန်းကျင်လောက်သာ စိုက်ပျိုးနိုင်တယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေသူတွေက ခန့်မှန်းထားကြပါတယ်။











