DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းလောင်းကစားဝင်ငွေနှင့် မပတ်သက်ကြောင်း ရိုးမသူဌေး ငြင်းဆို
DVB
·
August 19, 2024
အွန်လိုင်းလောင်းကစားဝင်ငွေနှင့် မပတ်သက်ကြောင်း ရိုးမသူဌေး ငြင်းဆို
Donate to DVB

ရိုးမလုပ်ငန်းစုရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခ) မစ္စတာဆပ်ချ်ပန်းက  အိမ်ခြံမြေစီမံကိန်းတခု တိုးချဲ့ဖို့အတွက် အွန်လိုင်းငွေလိမ်စင်တာတွေက ဝင်ငွေရရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့အကြောင်း Bloomberg သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက မစ္စတာဆပ်ချ်ပန်းကို ငွေကြေးခဝါချမှုနဲ့ တခြားငွေကြေးဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ထားတဲ့အကြောင်းသတင်းအပေါ် ခုလိုတုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

Star City အမည်ရတဲ့ အဆိုပါ အိမ်ခြံမြေစီမံကိန်းဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း လူပေါင်း ၆၀၀၀ ကျော် နေထိုင်လည်ပတ်နေပြီး ပြင်ပက ဘယ်လိုရန်ပုံငွေမှ မလိုအပ်တဲ့အကြောင်း ကုမွဏီဘက်က ပြောထားသလို ကုမ္ပဏီ၊ ဒါရိုက်တာတွေ၊ အမှုဆောင်အရာရှိတွေ၊ ဝန်ထမ်းတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်မြန်မာအာဏာပိုင်တွေကမှ စုံစမ်းစစ်ဆေးမှုတွေ မရှိကြောင်းလည်း အလေးပေး ပြောကြားထားပါတယ်။

အသက် ၇၁ နှစ်အရွယ် ရိုးမလုပ်ငန်းစု သူဌေးကြီးဟာ သတ်မှတ်ထားတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့အကြောင်း သတင်းဌာနတွေ အသီးသီးက သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြကြပေမဲ့ ရိုးမလုပ်ငန်းစုဘက်ကတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံကာ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးအဖွဲ့အစည်းတခုဖြစ်တဲ့အတွက် သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဝန်ကြီး ဌာနတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်တို့အပါအဝင်  ဘဏ် ၇ ခုနဲ့  တာဝန်ရှိသူတွေကို အရေးယူမယ်လို့ အခုလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပုဂ္ဂလိကဘဏ် ၇ ခုဟာ အိမ်ရာချေးငွေတွေကို များစွာ ထုတ်ချေးထားတဲ့အပြင် ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ရိုးမဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းကျော်လွန်ပြီးတော့ အိမ်ရာချေးငွေများ ထုတ်ချေးထားကြောင်းနဲ့ တခြားဘဏ်တွေ အသီးသီးက ပိုမိုထုတ်ချေးထားတဲ့ ရာခိုင်နှုန်းတွေ အသီးသီးကို ဖော်ပြထားခဲ့တာပါ။

ဒါကြောင့်မို့ အိမ်ရာချေးငွေကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ပိုပြီးတော့ ထုတ်ချေးခဲ့တဲ့ ပုဂ္ဂလိကဘဏ် ၇ ခုက တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၅၄ အရလည်း ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် စစ်ကောင်စီ ဗဟိုဘဏ် တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ်အရေးယူမယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ရွှေနဲ့ ဒေါ်လာဈေးတွေ ၃ ဆကျော်အထိ မြင့်တက်ပြီး စီးပွားပျက်ကပ်နေချိန်မှာ  စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်တာတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေသလို အခြေခံ ဆန်စျေးနှုန်းတွေကို ဆက်လက်ထိန်းချုပ်ဖို့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာတွေလည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။

Source: Bloomberg

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013