
အွန်လိုင်းလောင်းကစားတွေ ရှုံးလို့ စစ်မှုထမ်းထဲ ဝင်ရောက်ကာ ကိုယ့်ကိုယ်ကိုယ် လာရောင်းစားတဲ့သူ ရှိနေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ထွေအုပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အခုနောက်ပိုင်း အွန်လိုင်းလောင်းကစားဂိမ်းတွေဟာ အများပြည်သူအကြား ပိုမိုပျံ့နှံ့လာပြီး ဒီဂိမ်းတွေကြောင့် ဆုံးရှုံးသွားတဲ့ ငွေကြေးတွေ ပြန်လည်ရနိုင်ဖို့ မိသားစုစားဝတ်နေရေး ပြန်လည်ထူထောင်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီဂိမ်းကြောင့် ငွေကြေးအမြောက်အမြား ရှုံးခဲ့တဲ့သူတွေဟာ အခုလို စစ်မှုထမ်းထဲပါဖို့ မိမိကိုယ်ကိုယ် လာရောက် ရောင်းစားနေတာလို့ ထွေအုပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“နေရာစုံမှာ ဒီကိစ္စတွေကို ကြုံနေရတာပါ။ ရန်ကုန်ကလူက နယ်မှာ ကိုယ့်ကိုယ်ကိုယ် လာရောင်းတာ ရှိသလို နယ်ကနေ ရန်ကုန်သွားရောင်းတဲ့သူလည်း ရှိတယ်။ အဓိကက ပိုက်ဆံပိုပေးတဲ့ နေရာကို ချိတ်ပြီး သွားကြတာပေါ့။ တချို့ဆို ရမှာက ၁၂၀ ဆို အုပ်ချုပ်ရေးပိုင်းက လူကို တဝက်ပေးတယ်၊ ရက်ရက်ရောရောကို ပေးတာ၊ သူတဝက် ယူတယ်၊ ဘာလို့လဲ မေးကြည့်လိုက် ဂိမ်းရှုံးတယ် ဆိုတာကြောင့် ဒီလိုတွေနဲ့ ငွေပြန်ရှာနေတဲ့သဘောပဲ။”
အများပြည်သူအကြား အာမခံချက်မရှိတဲ့ ဒီအွန်လိုင်းဂိမ်းတွေထဲမှာ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ကာစီနို စသဖြင့် ဂိမ်းတွေပါဝင်နေပြီး ဆော့ကစားမဲ့သူတွေ ပိုများလာအောင် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာသာမက ဖုန်းတွေထဲထိပါ စာတိုပို့ပြီး မက်လုံးတွေပေး ကြော်ငြာနေတာကိုလည်း တွေ့ရပါတယ်။
ဂိမ်းရှုံးလို့ စစ်မှုထမ်းထဲဝင်ဖို့ ကြိုးစားခဲ့သူတယောက်က “ကျနော် ၈၀ လောက် ကုန်သွားတာ၊ အိမ်ကိုလည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ ကြံရာမရလို့ နယ်ဘက်ကအသိနဲ့ ဆက်သွယ်၊ မင်းတို့ဆီ ဒီတခါ ငါဝင်မယ်ပေါ့၊ ဘယ်လောက်ရမလဲ မေးတော့ ၁၀၀ စွန်းစွန်းပေါ့။ အဲ့တုန်းက သူလည်း တားခဲ့တာ ပါပါတယ်။ သူတို့ဆီမှာလည်း ကိုယ့်သဘောနဲ့ ကိုယ်လာရင် အဲ့ဂိမ်းကြောင့်က များတယ်ပေါ့ ရှင်းပြပါတယ်။ ကြံရာမရတဲ့အဆုံး နောက်ဆက်တွဲ အကျိုးဆက်ကို မကြည့်ဘဲ သူလည်း အဆင်ပြေ ကိုယ်လည်းအဆင်ပြေဆိုတဲ့ အတွေးပေါ့လေ” လို့ ပြောပါတယ်။
တဖက်မှာလည်း စစ်တပ်က အပတ်စဉ် တခါခေါ်တိုင်း လူဦးရေပြည့်မီဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြချိန် အခုလိုဖြစ်စဉ်တွေကလည်း စစ်တပ်အတွက် အင်အားတခု ဖြစ်လာနိုင်တယ်လို့လည်း စစ်မှုထမ်းနဲ့ပတ်သက်လို့ စောင့်ကြည့်လေ့လာနေသူတွေက မှတ်ချက်ပေးပါတယ်။
ဒီဖြစ်စဉ်တွေဟာ စစ်တပ်အတွက် ဝါဒဖြန့်လို့ကောင်းတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး မိမိသဘောဆန္ဒနဲ့ စစ်မှုထမ်းဝင်ရောက်လာသူ အများအပြား ရှိနေတယ်ဆိုတဲ့ ပုံရိပ်ကို အရယူမှာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။
စစ်မှုထမ်း အပတ်စဉ်တိုင်း လူဦးရေပြည့်မီဖို့ လူအစားထိုးပေးဝယ်တာ၊ မတရားဖမ်းဆီးပြီး လူကုန်ကူးသဖွယ် ပြန်လည်ရောင်းချတာတွေကို နည်းလမ်းမျိုးစုံနဲ့ စစ်တပ် အပါအဝင် လက်အောက်ခံ ပျူစောထီးတွေနဲ့ အဖွဲ့တချို့က တိုင်းနဲ့ပြည်နယ်အနှံ့မှာ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ ထိ ခေါ်ယူထားပြီး အပတ်စဉ် ၂၉ မှာ စစ်မှုထမ်းမဲ့သူ ၁၈,၀၀၀ ကျော် ခေါ်ယူခဲ့တယ်လို့ စစ်အာဏာရှင်တပ်က ထုတ်ပြန်ထားပါတယ်။











