DVB Logo
Home
နိုင်ငံတကာ
ထိုင်း Gen Z လူငယ် ၄ သန်းကျော် အွန်လိုင်းလောင်းကစား သံသရာထဲ ရောက်နေ
DVB
·
June 2, 2026
Photo: The Nation Thailand
Photo: The Nation Thailand
Donate to DVB

ထိုင်းနိုင်ငံက အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ကြားရှိတဲ့ ဂျန်ဇီ (Gen Z) လူငယ်ပေါင်း ၄ သန်းကျော်ဟာ အခု ၂၀၂၆ ခုနှစ် အစောပိုင်းကာလမှာတင် အွန်လိုင်းလောင်းကစား သံသရာထဲကို ရောက်ရှိနေကြပြီး အဲဒီထဲက အများစုဟာ လောင်းကစားအသစ်လုပ်သူတွေ ဖြစ်တယ်လို့ နည်းပညာမှုခင်းနှိမ်နင်းရေးဗဟိုဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး The Nation Thailand သတင်းမှာ ဇွန် ၁ ရက်က ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်တွေအရ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာ ထင်ရှားကျော်ကြားသူ Influencer တွေ၊ တိုက်ရိုက်ထုတ်လွှင့်မှုလိုက်ဖ်တွေနဲ့ ဗီဒီယိုတိုတွေကို အသုံးချပြီး စီးပွားရေးကျပ်တည်းနေတဲ့ ပြည်သူတွေကို လောင်းကစားကနေတဆင့် အချိန်တိုအတွင်း ချမ်းသာနိုင်တယ်လို့ မက်လုံးပေး ဆွဲဆောင်လာကြတာကို တွေ့ရပြီး ဒါဟာ ငွေကြေးအမြောက်အမြား ဆုံးရှုံးစေမဲ့ ထောင်ချောက်တခုသာ ဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားကွန်ရက်တွေဟာ ငွေကြေးခဝါချဖို့အတွက် အရင်လို သူတပါးရဲ့ အငှားဘဏ်အကောင့်တွေကို သုံးရုံတင်မကတော့ဘဲ တရားဝင် ကုမ္ပဏီအကောင့်တွေ၊ PayPal စနစ်၊ နယ်စပ်ဖြတ်ကျော်အကောင့်တွေနဲ့ ခရစ်ပတို ဒီဂျစ်တယ်ငွေကြေးတွေကိုပါ ပြောင်းလဲအသုံးပြုလာကြတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ နည်းပညာမှုခင်းနှိမ်နင်းရေးဗဟိုဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ရဲမှူးကြီး ထရိုင်ရွန် ဖျူဖန်ကတော့ ရဲတပ်ဖွဲ့အနေနဲ့ ဒီလောင်းကစားလောကထဲမှာ ပါဝင်ပတ်သက်နေသူတွေကို ဆက်တိုက်အရေးယူနေပြီး လောင်းကစားအားပေးတဲ့ ထင်ရှားကျော်ကြားသူ Influencer တွေကိုပါ ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ အခု ၂၀၂၆ ခုနှစ်၊ မေ ၂၀ ရက်အထိ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဟာ Facebook၊ Line နဲ့ TikTok အပါအဝင် လူမှု ကွန်ရက်စာမျက်နှာတွေပေါ်က လောင်းကစားနဲ့ပတ်သက်တဲ့ လင့်ခ် (URL) ပေါင်း ၇ သိန်း ၁ သောင်းကျော်ကို ပိတ်ဆို့ခဲ့ပြီးဖြစ်သလို၊ စုံစမ်းစစ်ဆေးမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမဲ့ ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကာလမှာလည်း လူငယ်တွေ ဘောလုံးပွဲလောင်းကစားမှုထဲ မပါဝင်လာအောင် စောင့်ကြည့်တားဆီးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် ကစ်တရတ် ဖန်ဖက်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

ဘောလုံးပွဲလောင်းကစားဝက်ဘ်ဆိုက်တွေကို ပိုမိုမြန်ဆန်တိကျစွာ ဖော်ထုတ်ပိတ်ဆို့နိုင်ဖို့အတွက် အေအိုင် (AI) နည်းပညာကိုပါ ထည့်သွင်းအသုံးပြုနေပြီလို့ ဆိုပါတယ်။ 

ရဲမှူးကြီး ထရိုင်ရွန်က ပြည်သူတွေအနေနဲ့ လောင်းကစားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လင့်ခ်တွေကို မျှဝေတာမျိုး မလုပ်ကြဖို့နဲ့ ကျူးလွန်ပါက ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအောက်က စိတ်ကျန်းမာရေးဦးစီးဌာနဟာ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေ လောင်းကစားစွဲနေသလား ဆိုတာကို သတိပြုစောင့်ကြည့်ဖို့ တိုက်တွန်းထားသလို နိုင်ငံတကာစိတ်ကျန်းမာရေးရောဂါ သတ်မှတ်မှု စံနှုန်းတွေအရ လောင်းကစားစွဲခြင်းဟာ စိတ်ကျန်းမာရေးချို့ယွင်းမှုရောဂါ တမျိုးအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

သတိထားရမဲ့ လက္ခဏာတွေထဲမှာတော့ ကလေးတွေဟာ လိမ်ညာတာ၊ ငွေချေးတာ၊ ကျောင်းပြေးတာ၊ စာမေးပွဲအမှတ်တွေ ကျလာတာ၊ တယောက်တည်း အချိန်ကုန်လွန်ပြီး မိဘ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ် ကန့်လန့်တိုက်လာတာမျိုးတွေ ဖြစ်သလို စိတ်ခံစားမှုပိုင်းမှာလည်း နိုင်ရင် အရမ်းပျော်ပြီး ရှုံးရင်တော့ စိတ်ဓာတ်ကျကာ အထီးကျန်ဆန်တဲ့ ခံစားချက် အတက်အကျတွေ ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတွေကို အွန်လိုင်းလောင်းကစားဘေးကနေ ကာကွယ်ဖို့အတွက် ဝက်ဘ်ဆိုက်ဝင်ရောက်မှုတွေကို ထိန်းချုပ်တာ၊ မိဘတွေရဲ့ ဘဏ်ခရက်ဒစ်ကတ်တွေကို ကလေးတွေကို ပေးမသုံးတာ၊ ငွေပေးချေမှုဖြတ်ပိုင်းတွေကို ပုံမှန်စစ်ဆေးတာတွေ လုပ်ဆောင်သင့်တဲ့အပြင် ကွန်ပျူတာတွေကို အိမ်သားအားလုံး မြင်နိုင်တဲ့ ဧည့်ခန်းလို နေရာမျိုးမှာ ထားရှိပြီး ကလေးတွေနဲ့ လောင်းကစားအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ အင်တာနက်အသုံးပြုမှု စည်းကမ်းချက်တွေကို တိတိကျကျ ချမှတ်ထားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013