
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဟဲကယ်ကျေးရွာမှာ အွန်လိုင်းလောင်းကစား လုပ်နေတယ်လို့ဆိုပြီး အသက် ၂၆ နှစ်အရွယ် အမျိုးသား တယောက်ကို ဩဂုတ် ၇ ရက် ညပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ စစ်အာဏာရှင်ဘက်က ထုတ်ပြန်ထားပါတယ်။
တောင်ကြီးခရိုင် ဒုစရိုက်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ရွှေညောင်မြို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ဟဲကယ်ကျေးရွာ၊ နယ်မြေ (၉)၊ ရွာအဝင်လမ်းမှာရှိတဲ့ နေအိမ်တအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ထွန်းထွန်း ဆိုသူကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရာမှာ Honor Laptop တလုံး၊ iPhone 14 Pro ဖုန်းတလုံး၊ Huawei Wifi စက်တခု၊ Keyboard၊ Mouse၊ Laptop အားသွင်းကြိုးတွေနဲ့ အွန်လိုင်းလောင်းကစားလုပ်ထားတဲ့ မှတ်တမ်းတွေပါတဲ့ စာရွက် ၆ ရွက် အပါအဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အောက်ခြေမှာ လုပ်ကိုင်နေတဲ့သူတွေကိုပဲ ဖမ်းဆီးတာထက် နောက်ကွယ်မှာ ပါဝင်နေသူတွေနဲ့ ငွေကြေးလည်ပတ်မှုတွေကိုပါ ဖော်ထုတ်ဖို့လိုတယ်လို့ ရွှေညောင်ဒေသခံတယောက်က ပြောပါတယ်။
“အွန်လိုင်းလောင်းကစားက အခုလို အောက်ခြေမှာ လုပ်နေတဲ့သူတွေကိုပဲ ဖမ်းတာနဲ့တော့ မပြီးနိုင်ဘူးလို့ ထင်ပါတယ်။ ဒီလုပ်ငန်းတွေ ဘယ်ကနေ စလာတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေ ပါနေကြလဲ၊ ငွေကြေးတွေ ဘယ်လိုလည်ပတ်နေလဲ ဆိုတာကိုပါ လိုက်ဖော်ထုတ်ဖို့ လိုပါတယ်။ တကယ် ထိထိရောက်ရောက် တားဆီးမယ်ဆိုရင် နောက်ကွယ်က ကွန်ရက်ကိုပါ အရေးယူသင့်ပါတယ်”
ဖမ်းဆီးခံရသူ ထွန်းထွန်းကို အမှုအမှတ် ၁၂၂/၂၀၂၆ နဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။










