
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့မှာ ကားအပိုပစ္စည်းဝယ်ယူရာကနေ စကားများပြီး လူသတ်မှုဖြစ်ခဲ့တာကြောင့် အမျိုးသမီး တယောက် သေဆုံးကာ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ အမျိုးသား တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ရွှေညောင်မြို့ ဓနသိဒ္ဓိရပ်ကွက်ရှိ ဂျပန်ကား အပိုပစ္စည်းဆိုင်မှာ အခင်းဖြစ်ပွားခဲ့တာပါ။
တိုက်ခိုက်ခံရသူတွေကတော့ ဆိုင်ပိုင်ရှင် ဦးခင်မောင်ညို (ခ) ဦးဖိုးတုတ်နဲ့ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥတို့ ဖြစ်ပြီး ဒေါ်ရင်ရင်ဥဟာ ဓားဒဏ်ရာအပြင်းအထန်ရရှိကာ ဆေးရုံပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ ပါတယ်။
ဦးခင်မောင်ညိုကတော့ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်းတို့မှာ ဒဏ်ရာတွေရရှိထားပြီး စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဒေသခံတယောက်က “ရွှေညောင်လိုမြို့လေးမှာ နေ့ခင်းကြောင်တောင် ဒီလိုလူသတ်မှုဖြစ်တာကို ကြားရတော့ အရမ်းထိတ်လန့်မိတယ်။ ကားပစ္စည်းဝယ်ရင်း စကားများတာကနေ လူသေတဲ့အထိ ဖြစ်သွားတာဆိုတော့ တော်တော်စိတ်မကောင်းစရာပါ။ အခုဆို မြို့ခံတွေကြားမှာလည်း စိုးရိမ် နေကြပါတယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူဟာ အသက် ၂၀ အရွယ် သန့်ဇင်ဖြိုးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်က ကားအပိုပစ္စည်းဝယ်ယူစဉ် ဈေးနှုန်းကိစ္စနဲ့ စကားများခဲ့တာကို မကျေနပ်လို့ အခင်းဖြစ်နေ့မှာ ဓားယူဆောင်လာပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပြီး မကြာခင်မှာပဲ CCTV မှတ်တမ်းတွေနဲ့ သက်သေအထောက်အထားတွေကို အခြေခံပြီး သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ သန့်ဇင်ဖြိုးကို ရွှေညောင်နယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး အမှုကို ဆက်လက်စစ်ဆေးနေပါတယ်။










