DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့် ကော့သောင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ 
DVB
·
August 19, 2024
ထားဝယ်နှင့် ကော့သောင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ 
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ ရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဩဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထားဝယ်မြို့နယ်၊ ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းမှာ သြဂုတ် ၁၅ ရက်က တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ကားကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ပြီးနောက် အဲဒီနေရာမှာ စစ်ကောင်စီက အင်အားအများအပြားနဲ့ တပ်စွဲခဲ့ပါတယ်။

တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်‌က ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီက စနိုက်ပါ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးကာ အများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

YPPDF ပြန်ကြားရေးတာဝန်ခံက “နယ်စပ်ရေးရာဝန်ကြီးကားကို ပစ်ပြီးတည်းက အဲဒီနေရာမှာ စစ်တပ်က အင်အားအများအပြားနဲ့ ဘန်ကာတွေပါ လုပ်ပြီး ကင်းပုန်းချ တပ်စွဲလိုက်တာ။ ပထမ ကျနော်တို့ စနိုက်ပါနဲ့ပစ်တာ၊ စစ်တပ်က ၅ ယောက် သေတယ်။ ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု တနာရီလောက် ဖြစ်တယ်။ အဲဒီမှာလည်း စစ်ကောင်စီက အများအပြား ဒဏ်ရာရတယ်။ သေဆုံးတာတွေ ရှိနိုင်ပေမဲ့ သေချာတော့ အတည်မပြုနိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်လွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဆင်ဆိပ်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဆင်ဆိပ်ရပ်ကွက်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်က ပြည်သူတချို့ ယာယီစစ်ရှောင်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက တော်တော်ကိုဖြစ်သွားတာ။ လေယာဉ်ကွင်းထဲကလည်း ဆင်ဆိပ်ရပ်ကွက်ထဲကို လက်နက်ကြီးတွေ ပစ်ထည့်တာ။ ဆင်ဆိပ်ကော အိမ်ရှေ့ပြင်ရပ်ကွက်ကကော လူတွေ ယာယီစစ်ဘေးရှောင်ရတယ်။ တိုက်ပွဲတွေဖြစ်ပြီး နောက်နေ့မှာ ပြန်လာကြတယ် စစ်ရှောင်တဲ့သူတွေက။ စစ်တပ်ဘက်ကလည်း အင်အားတွေ ထပ်ဖြည့်နေကြတယ်။”

ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က တနင်္သာရီတိုင်း နယ်လုံဝန်ကြီး လိုက်ပါလာတဲ့ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ၁၈ မိုင်အနီးမှာရှိတဲ့ ခမရ ၅၉၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကားလမ်းပိုင်း တလျှောက်ကို လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကျပ်မှု လုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဩဂုတ် ၁၆ ရက် ည ၈ နာရီက ခမရ ၅၉၅ တပ်ရင်းရဲ့ လုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီး နောက်ရက်တွေမှာ ကော့သောင်းမြို့နယ် ဆယ်မိုင်ဘက်ကနေ ခမောက်ကြီးမြို့နယ်အထိ ကားလမ်းတလျှောက်မှာ စစ်ကောင်စီက လမ်းကင်းတဲတွေ ချထားပြီး အရပ်သား ပြည်သူကားတွေကို အစစ်အဆေး တင်းကျပ်လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတဦးက “လမ်းတွေက တိုက်ပွဲဖြစ်ပြီးတော့မှ ပိတ်တာ စစ်ဆေးတာ လုပ်တာပါ။ အသွားအလာ အဝင်အထွက်တွေကို တင်းကျပ်လိုက်တာမျိုးပါ။ လိုင်းကား၊ ခရီးသည်ကားတွေကို ပိတ်လိုက်ပြီး စစ်‌ဆေးတာပါ။ နယ်စပ်ဆိုတော့ တချို့ကလည်း တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ သွားကိုမရဲတော့တာ။ အဖမ်းခံထိတာ ဘာတွေတော့ ပြောသံမကြားရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဂိတ်တွေမှာဆို တိုက်ပွဲဖြစ်ပြီး ၁၇ ရက်နေ့မှာ ဖြတ်သွားဖြတ်လာတဲ့ ဆိုင်ကယ်တွေကို ရပ်နားခိုင်းပြီး ဆင်းတွန်းခိုင်းတယ်လို့လည်း ဆယ်မိုင်ရွာ ဒေသခံတဦး‌က ပြောပါတယ်။

ဆယ်မိုင်‌ဒေသခံတဦးက “မနေ့ကဆို ဆယ်မိုင်ဂိတ်မှာ‌တောင် ဆိုင်ကယ် ဆင်းတွန်းနေရတယ်။ အရင်က ပေးမောင်းတယ်။ အခုက သူတို့ ကြောက်လို့ထင်တယ်” လို့ ပြောပါတယ်။

အဲဒီမတိုင်ခင် သြဂုတ် ၁၆ ရက် ည ၈ နာရီလောက်က ပြည်ထောင်စုကားလမ်းမဘေးရှိ ခမရ ၅၉၅ တပ်ရင်းက လုံခြုံရေးဂိတ်ကို ကော့သောင်းပကဖအဖွဲ့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ပြီးတော့ စစ်ကောင်စီဘက်က ၂ ဦး ကျဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က အကျအဆုံးမရှိဘူးလို့ ထုတ်ပြန်ထားတာ တွေ့ရပေမဲ့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

“ခမရ ၅၉၅ ဆိုတာ ပြည်ထောင်စုလမ်းမဘေးမှာရှိတဲ့ လုံခြုံရေးဂိတ်ကနေ ရုံးတွေ ဗဟိုကင်းတွေ လှမ်းပြီးမြင်နေရတယ်။ အမှန်က ဂိတ်ကိုရည်ရွယ်ပြီး သွားတာမဟုတ်ဘူး။ အပြင်မှာထွက်နေတဲ့ အဖွဲ့တွေ ပြန်အဝင်လာကို စောင့်နေတာ။ ကျနော်တို့ဘက်ကလည်း အသင့်ဖြစ်နေပြီ။ ပြည်သူတွေကလည်း ဖြတ်သွားဖြတ်လာရှိတယ်။ အထိအခိုက်ဖြစ်မှာစိုးလို့  ဂိတ်ကိုပဲပစ်ပြီး ပြန်လာရတဲ့ အနေအထားဖြစ်တယ်။”

တိုက်ပွဲအတွင်း ခမရ ၅၉၅ တပ်ရင်းကနေ လက်နက်ကြီးတွေ အချက် ၂၀ ကျော်လောက် ပစ်ခတ်ခဲ့တယ်လို့ သိရပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ နေရာတွေမှာ အရပ်သားပြည်သူ ထိခိုက်မှုရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ကော့သောင်းပကဖ ပြန်ကြားရေးတာဝန်ခံ ဖြစ်သူက ပြောပါတယ်။

တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ခရီးသွားလာတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ အနီးကပ် အသွားအလာ မလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က အသိပေး ပြောဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ခမောက်ကြီးမြို့ မာရမ်းကျေးရွာမှာ စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း ပကဖရဲဘော်တဦး ကျဆုံးကာ ဒေသခံတွေ ရွာလုံးကျွတ်အထိ ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013