
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ညီလာခံမှာ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျီဘရီလ် ရာဂျွတ်ဘ်ဟာ အစ္စရေးဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဘာဆင်ရှေးခ် ဆူလေမန်နဲ့အတူ ယှဉ်တွဲရပ် လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆိုခဲ့ပြီး တင်းမာတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။
ဧပြီ ၃၀ ရက် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ ကျင်းပတဲ့ ညီလာခံမှာ ဖီဖာ ဥက္ကဋ္ဌ အင်ဖက်တီနိုက သူတို့ နှစ်ဦးကို စင်မြင့်ပေါ်ကို ခေါ်ယူခဲ့ပြီးနောက် ပါလက်စတိုင်းသား ရာဂျွတ်ဘ်ကို အစ္စရေးနိုင်ငံသား ဆူလေမန်နဲ့ နီးနီးကပ်ကပ်ရှိဖို့ လက်မောင်းကိုကိုင်ပြီး ခေါ်ခဲ့တာပါ။
ဒါပေမဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ခါးခါးသီးသီး ငြင်းဆန်ခဲ့ပြီး စင်မြင့်ပေါ်ကနေ “ကျနော်တို့တွေ ဒုက္ခတွေ ခံစားနေကြရတာပါ”လို့ အော်ဟစ် တုံ့ပြန်ခဲ့ပါတယ်။
အခမ်းအနားအပြီးမှာ ရာဂျွတ်ဘ်က မီဒီယာတွေကို ပြောကြားရာမှာ “ကျနော် လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းခဲ့ပါတယ်။ အားကစားဟာ အားကစားပဲမို့ လေးစားရမယ်ဆိုတာ ကျနော် လက်ခံပါတယ်။ ဒါပေမဲ့ တဖက်လူက ဘင်ဂျမင် နေတန်ယာဟုလို ရာဇဝတ်ကောင်မျိုးကို ကိုယ်စားပြုနေပြီး၊ နေတန်ယာဟုဟာ မာသာထရီဆာ ကျနေတာပဲလို့ ရှေ့နေလိုက်ပြောနေသမျှတော့ ဒီလိုလူမျိုးနဲ့ ဘယ်လိုလုပ် လက်ဆွဲနှုတ်ဆက်ပြီး ဓာတ်ပုံတွဲရိုက်နိုင်မှာလဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။
စင်မြင့်ထက်မှာ ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့မှုနဲ့ ပတ်သက်ပြီး ပါလက်စတိုင်း ဖီဖာ ဥက္ကဋ္ဌ ရာဂျွတ်ဘ်က အင်ဖက်တီနိုကို ပါလက်စတိုင်းပြည်သူတွေရဲ့ နက်ရှိုင်းတဲ့ ဆင်းရဲဒုက္ခကို နားမလည်တာ ဖြစ်နိုင်ပါတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
“ဖီဖာဥက္ကဋ္ဌ အနေနဲ့ ကွာဟချက်တွေကို ပေါင်းကူးပေးဖို့နဲ့ လူတွေကို စုစည်းပေးဖို့ ကြိုးစားပိုင်ခွင့် ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ သူဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ နက်ရှိုင်းတဲ့ ဆင်းရဲဒုက္ခတွေကို နားမလည်တာ ဒါမှမဟုတ် မသိတာလည်း ဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ညီလာခံ စင်မြင့်ထက်မှာ အခြေအနေ တင်းမာမှု ဖြစ်ခဲ့ချိန်တုန်းက ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုကတော့ ကလေးတွေအတွက်အတူ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
“ဥက္ကဋ္ဌ ရာဂျွတ်ဘ်နဲ့ ဒုဥက္ကဋ္ဌ ဆူလေမန်တို့ ခင်ဗျာ၊ ကျနော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရအောင်ပါ။ ကလေးငယ်တွေအတွက် မျှော်လင့်ချက်တွေ ပေးနိုင်ဖို့ ကျနော်တို့ အတူတူ အလုပ်လုပ်ကြရအောင်။ အဲဒီအတွက် ပူးပေါင်းဆောင်ရွက်ကြပါစို့။ ကျနော်တို့ဆီမှာ နိုင်ငံပေါင်း ၂၁၁ နိုင်ငံစလုံးကို ဖိတ်ခေါ်ပြီး ကျင်းပမဲ့ လှပတဲ့ အသက် ၁၅ နှစ်အောက် ပြိုင်ပွဲတခု ရှိပါတယ်။ ကမ္ဘာအရပ်ရပ်က ကလေးငယ်တွေအားလုံး ပါဝင်ကြမှာပါ။ အဲဒီကလေးတွေအတွက် ဒါကို လုပ်ဆောင်ကြရအောင်ပါ။ ကျေးဇူးပြုပြီး ကျနော်တို့ အတူတူ လက်တွဲကြပါစို့။ ကျနော့်ဘက်ကလည်း အပြည့်အဝ ကတိပေးပါတယ်။ ဒီခန်းမထဲမှာရှိတဲ့သူ အားလုံးကလည်း ခင်ဗျာတို့ကို ထောက်ခံအားပေးနေကြပါတယ်။”
ပါလက်စတိုင်းရဲ့ ပြောဆိုချက်တွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိုတော့ အစ္စရေးဘက်က ငြင်းဆိုထားပါတယ်။










