DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်
DVB
·
August 18, 2024
ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ဒီကနေ့ သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ 96 Soldiers – PDF တပ်ဖွဲ့ဆီက သိရပါတယ်။

ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်ချတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဩဂုတ် ၁၅ ရက်နေ့ ညပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ရက်အကြာ ဒီနေ့ သြဂုတ် ၁၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို 96 Soldiers – PDF တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဒီမနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ပူးပေါင်းအဖွဲ့ အစုံပါပါတယ်။ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ တခြားဌာနဆိုင်ရာရုံးတွေကိုတော့ မနေ့ကတည်းက သိမ်းထားနိုင်ခဲ့တာ။ လောလောဆယ် ကျဆုံးစာရင်းနဲ့ သိမ်းပိုက်နိုင်တဲ့ စာရင်းတွေကိုတော့ အတိအကျမသိရသေးပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က ဒီပဲယင်းမြို့ပေါ် ရပ်ကွက် ၃ ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချခဲ့ပြီး မနေ့က သြဂုတ် ၁၇ရက်နေ့ တနေ့လုံး ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး၊ Y12 ထောက်ပို့လေယာဉ်နဲ့ လေကြောင်းကနေ ၁၁ ကြိမ် တိုက်ခိုက်ပြီး ဗုံးသီး ၆၂ လုံး ကြဲချခဲ့သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီပဲယင်းဒေသခံတယောက်က “ရေဦးဘက်ကစစ်ကြောင်းမှာ ဒုတပ်ကြပ်တဦး ကျတယ်လို ကြားရတယ်။ ဒီပဲယင်းမှာရှိနေတဲ့ ဗိုလ်တဦး ကျတယ်လို့လည်း ကြားရတယ်။ မနေ့ကတည်းက ဝေဟင်ကလည်း ဆက်တိုက်လာနေတာဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေ ဘာတခုမှ မသိရသေးဘူး” လို့ ပြောပါတယ်။

လက်နက်ချဖို့ အရင်ညှိပြီး တချို့စစ်သား၊ ရဲနဲ့ ပျူတချို့ လက်နက်ချခဲ့ပေမဲ့ လက်နက်မချသေးတဲ့ သူတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို မြေပြင်စစ်ကူ မလာနိုင်အောင်လည်း မြို့အဝင်လမ်းတွေကို ပိတ်ဆို့ထားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ဘက်က လေယာဉ်နဲ့ပစ်ရုံတင်မကဘဲ ဗုံးတွေပါ ကြဲနေခဲ့ပြီး ၂၄ နာရီအတွင်း ပေါင် ၅၀၀ ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ နီးပါးချခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီက သြဂုတ် ၁၇ ရက်နေ့ တရက်တည်းမှာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဒီပဲယင်း၊ အင်းတော်၊ သပိတ်ကျင်း၊ ငါန်းဇွန် စတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013