DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် ရဲအုပ် ၁ ဦးနှင့် ဒေသခံ ၇ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
August 17, 2024
ကျိုက်ထိုတွင် ရဲအုပ် ၁ ဦးနှင့် ဒေသခံ ၇ ဦးကို စစ်တပ်ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်တယောက်ကို PDF တွေနဲ့ပတ်သက်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားတဲ့အပြင် ဒေသခံ ၇ ယောက် ထက်မနည်းကိုလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ် ပြည်သူရစိုးကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်မှာ ဩဂုတ် ၁၄ ရက်နေ့ ည ၇ နာရီအချိန်က စစ်ကောင်စီတပ်သားအင်အား ၃၀ လောက်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ရဲစခန်းနဲ့နီးစပ်သူတယောက်က “PDF တွေကို သတင်းပေးနေတယ် အဆက်အသွယ်ရှိတယ်ဆိုပြီး ဝင်ဖမ်းသွားတာပါ။ အခုတော့ တပ်မ ၄၄ စစ်ကြောရေးမှာ သူ့ကိုစစ်ဆေးနေပါတယ်။ လက်ရှိအချိန်ထိ ဘယ်ပုဒ်မနဲ့မှ မတပ်ရသေးပါဘူး။ စစ်ဆေးနေတုန်း အဆင့်ပဲရှိသေးတယ်။ ဒီတလ ၂ လအတွင်းမှာ ၄ ယောက်မြောက်အဖြစ်ဖမ်းခံရတာပါ” လို့ ပြောပါတယ်။

ဩဂုတ် ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နဲ့ တောင်သူစုရပ်ကွက်တို့က အမျိုးသား ၇ ယောက်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်သား‌တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့ခံတယောက်က “၁၄ ရက်နေ့ညပိုင်းမှာ ရဲဖမ်းခံရပြီးမကြာဘူး။ အဲရပ်ကွက်မှာ စစ်မှုထမ်းဖို့ဆိုပြီး ၄ ယောက်ဖမ်းသွားတယ်။ နောက်ပြီး အဲနေ့မှာပဲ တောင်ပိုင်း မရမ်းချို ကျောင်းရှေ့လမ်းမှာ ကောင်လေး ‌၂ ယောက်ဖမ်းသွားတယ်။ ၁၅ ရက်နေ့မှာက တောင်သူစုမှာ တယောက်ကို ဖမ်းသွားတယ်။ ဒီရက်ပိုင်း တောက်လျှောက်ဖမ်းနေတာ။ လူငယ်အမျိုးသား တော်တော်များများ‌လည်း ရှောင်နေကြပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၇ ယောက်ကို ကျိုက်ထို အမှတ် ၄၄ ခြေမြန်တပ်ရင်း ဌာနချုပ်မှာ ထိန်းသိမ်းထားတယ်ဆိုတာသိရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မိသားစုဝင်တွေက ကျိုက်ထို အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ညှိနှိုင်းနေပေမယ့် ငွေကြေးတောင်းခံတာ များလို့ အဆင်မပြေဖြစ်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက်မှာလည်း ဩဂုတ် ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့က စစ်မှုထမ်းဖို့နဲ့ PDF ထောက်ပံ့တယ်ဆိုပြီး မောင်နှစ်မ ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ဩဂုတ် ၇ ရက်နေ့ကစပြီး စစ်ကောင်စီက စစ်မှုထမ်းအမည်စာရင်းပါသူတွေကို ပစ်မှတ်ထားဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ ၁၅ ယောက်ထက်မနည်း ဖမ်း‌ဆီးခံထားရတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013