DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်တပ်က နေ့စဉ် ဗုံးကြဲနေ
DVB
·
September 30, 2026
Photo: KNU
Photo: KNU
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ကို စစ်အာဏာရှင်တပ်က ​နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တာ၊ သိမ်ဇရပ် အမြောက်တပ်က​နေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်​နေတယ်လို့ ဒေသခံ​တွေဆီက သိရပါတယ်။

အထူးတိုင်းစစ်ဌာနကို ဗုံးမကြဲခင် တပတ်အလိုကတည်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နဲ့ ၃ နယ်​မြေ​တွေကို အဲဒီလိုပစ်ခတ်​နေတာဖြစ်ပြီး မ​နေ့ စက်တင်ဘာ ၂၉ ရက် ညပိုင်းကလည်း လက်နက်ကြီး ၂ လုံး ပစ်ခတ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်အ​စောပိုင်းမှာလည်း စစ်တပ်ဟာ Y 12 လေယာဉ်နဲ့ ၃ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးအလုံး ၂၀ ကြဲချပြီး သိမ်ဇရပ်အမြောက်တပ်က​နေ ဟောင်ဝစ်ဇာ ၅ လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲမဖြစ်ဘဲနဲ့ NUG အထူးတိုင်းကို မကြဲခင် တပတ်အလိုလောက်ကပဲ ဗုံးကြဲနေတာ။ တပတ်လောက်ရှိပြီ၊ လေယာဉ်နဲ့ တောက်လျှောက်ပဲ၊ တပ်မဟာ ၁ နဲ့ ၃ ကြားကို ကြဲနေတာ။ ဟောင်ဝစ်ဇာနဲ့က နေ့တိုင်းပစ်နေတာ။ အခုဆို ညဘက်ရောက်တိုင်း ပစ်နေပြီ” လို့ ​ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ​တွေ​ကြောင့် မဲရုံးကြီး၊ နတ်စင်၊ ကော်ကပ်၊ ခမောက်၊ ၀င်းကံ၊ ရွာသစ်၊ ဝါးဖြူတောင်၊ သဲဖြူချောင်းရွာ​တွေက ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က “ဒေသခံတွေကတော့ ဘယ်နေရဲတော့မလဲ။ နေ့တိုင်းလို ဗုံးကြဲချလိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက်ဆိုတော့ ပြေးရတာပေါ့။ ကျတာကတော့ ရွာကြားတွေကော၊ တောင်ကုန်းတွေကောပဲ။ ထိခိုက်မှုကတော့ စုံစမ်းဆဲပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထူးစစ်တိုင်းဌာနချုပ် (အထူးတိုင်း) ကို စစ်တပ်က လေကြောင်းက​နေ ဗုံးကြဲချတာ၊ သိမ်ဇရပ်အမြောက်တပ်က​နေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ​တွေ ရှိခဲ့ပါတယ်။

အထူးတိုင်းဌာနချုပ်ရှိရာ နေရာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တချို့နဲ့ CDM တပ်ကြပ်ကြီးတို့ ထိမှန် သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်ကလည်း စစ်တပ်ရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ နဲ့ အ​မြောက်တပ် ၃၁၀ တပ်ရင်း​တွေက​နေ ၁၂၀ မမ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်လို့ ဇီးပြောင်း ၄ ကျေးရွာ၊ ကညင်အိုင်ကျေးရွာအနီးနဲ့ ဝက်ဝန်တောင်ကြိုးဝိုင်းအနီး ကျရောက်ပေါက်ကွဲခဲ့လို့ ဧရာဝတီတိုင်းက​နေ လာ​ရောက်လုပ်ကိုင်​နေတဲ့ ဦးသန်းစိုး ၃၅ နှစ် သေဆုံးခဲ့ပြီး ဖဒိုပလောရွာက ဦးကရင်ကြီး ၅၂ နှစ် ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်မှာ တပ်မ ၄၄ က ၁၂၀ မမ လက်နက်ကြီးတလုံး ထပ်မံပစ်ခတ်ခဲ့လို့ ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု ရှမ်းစုရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မောင်ကုလား ထိခိုက်ဒဏ်ရာရရှိသလို နေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013