DVB Logo
Home
မြန်မာသတင်း
ဖားကန့်က စစ်ကောင်စီ ဗျူဟာကုန်းကို KIA နှင့် KPDF က ၂ ရက်အတွင်းသိမ်းပိုက်နိုင်ခဲ့
DVB
·
August 17, 2024
ဖားကန့်က စစ်ကောင်စီ ဗျူဟာကုန်းကို KIA နှင့် KPDF က ၂ ရက်အတွင်းသိမ်းပိုက်နိုင်ခဲ့
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာရှိပြီး အချက်အချာကျတဲ့ တပ်မ ၃၃ လက်အောက်ခံ လမောင်ကုန်း စစ်ဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က ဩဂုတ် ၁၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KPDF တပ်ဖွဲ့ဝင်တယောက်က DVB ကိုပြောပါတယ်။

အဲဒီစစ်ဗျူဟာကုန်းကို ဩဂုတ် ၁၄ ရက် မနက် ၃ နာရီလောက်ကတည်းက စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၅ ရက် မနက် ၉ နာရီလောက်မှာပဲ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KPDF တပ်ဖွဲ့ဝင်တယောက်က “မနေ့ မနက်အစောကြီးက စပြီးထိုးစစ်ဆင်တာပါ။ ဒီမနက်ကျတော့ ဗျူဟာကုန်းကိုရပြီ။ အခုတော့ စခန်းက ကျနော်တို့ စခန်းဖြစ်သွားပြီ” လို့ ပြောပါတယ်။

အဲဒီ ဗျူဟာစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး  စစ်ကောင်တပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့လည်း သတင်းရင်းမြစ်ဆိုပါတယ်။

လမောင်ကုန်းကျေးရွာမှာရှိတဲ့ အဲဒီစစ်ဗျူဟာစခန်းမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂  က အခြေချတပ်စွဲထားတာဖြစ်ပြီး အင်အား ၃၀ ကျော်၊ ၄၀ လောက် ရှိနိုင်တယ်လို့လည်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးက မီဒီယာတခုမှာ ဖြေကြားထားပါတယ်။

လမောင်ကုန်းစစ်ဗျူဟာစခန်းဟာ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေအတွင်းမှာ တည်ရှိပြီး စစ်ကောင်စီအတွက် အချက်အချာကျသလို ဖားကန့်မြို့အနီးက အမြင့်ဆုံးတောင်ကုန်းမှာရှိတာကြောင့် ဖားကန့်မြို့ပေါ်မှာရှိတဲ့ တပ်မကုန်းကို လမောင်ကုန်းဗျူဟာက ထိန်းထားတဲ့စခန်းတခုဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဖားကန့်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ လမောင်ကျေးရွာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်စော်ဘွားတွေ စိုက်ထူခဲ့တဲ့ လွပ်လပ်ရေးကျောက်တိုင်တည်ရှိရာ ဖားကန့်မြို့ရဲ့ အထင်ကရနေရာလည်းဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကချင်ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဟာ ဖားကန့်ကျောက်စိမ်းတွင်းဒေသက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ လမောင်ကုန်းဗျူဟာနဲ့ တောမှော်စခန်းတို့ကို ဩဂုတ် ၁၄ ရက်က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသမှာ စစ်ပွဲတွေဖြစ်ပွားတာကြောင့် တောမှော်၊ လမောင်ကုန်း၊ ဆိုင်ဂျာဘွမ်ကျေးရွာက ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013