DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်ကို Lock Down ချရန် စစ်ကောင်စီပြင်ဆင်
DVB
·
August 16, 2024
ပြင်ဦးလွင်ကို Lock Down ချရန် စစ်ကောင်စီပြင်ဆင်
Donate to DVB

စစ်တက္ကသိုလ်အခြေစိုက်ရာ ပြင်ဦးလွင်မြို့ကို Lock Down ချဖို့ စစ်ကောင်စီက အစည်းအဝေးခေါ်ပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ရေးဖိအားအောက်ကို ရောက်နေတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို လိုအပ်ရင် Lock Down ချဖို့ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့လုံခြုံရေးအတွက် တအိမ်တယောက် မဖြစ်မနေ လုံခြုံရေးသင်တန်းတက်ဖို့လည်း စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဆိုပါတယ်။ ပြင်ဦးလွင်ကားကြီးဝင်းမှာလည်း လုံခြုံရေးတင်းကျပ်နေပြီး မြို့ဝင်မြို့ထွက် လူစာရင်းကို စောင့်ကြည့်တာတွေလည်း စစ်ကောင်စီက ပြုလုပ်နေတာပါ။

ပြင်ဦးလွင်ဒေသခံ အမျိုးသမီးတဦးက “ဆယ်အိမ်ခေါင်းတွေကို ခေါ်တယ်တဲ့၊ ခေါ်ပြီးတော့ တအိမ်တယောက်ပေါ့ နယ်မြေလုံခြုံရေးအတွက် သင်တန်းပေးမယ်ဆိုပြီးတော့ မဖြစ်မနေပေါ့ ခေါ်မယ်ပေါ့။ စစ်မှုထမ်းဆိုလို့ရှိရင် ခေါ်လို့မရလို့၊ ပြီးတော့ သူတို့က ဒီနယ်မြေ လုံခြုံဖို့ရန်အတွက်ပေါ့၊ Lock Down လည်း ချသင့်ရင်ချမယ်လို့ စဉ်းစားနေကြတယ်။ ဒါကတော့ တပ်တွင်းထဲကနေ ကြားရတာ၊ အကောင်အထည်ဖော်ဖို့ သူတို့ စာရွက်စာတမ်းတွေနဲ့ သူတို့အစည်းအဝေးခေါ်ပြီးတော့ လုပ်ကြတာလေ။ ဆယ်အိမ်ခေါင်းတွေက ပြန်ပြောပြတာလေ။ ပြင်ဦးလွင်နယ်စပ်က ရွာလေးတွေမှာတော့ တဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့ ကြားနေတာ၊ ဥပမာဆိုရင်ဗျာ အနီးစခန်းဆိုလို့ရှိရင် တိုးကြီးကုန်းတို့လို နေရာမျိုး၊ အောင်ချမ်းသာ အစွန်အဖျားပေါ့ဗျာ။ သေနတ်ဖောက်တာတွေ ကြားရတယ်ဗျာ၊ တဖက်နဲ့တဖက် တိုက်ပွဲမှာ ထိတွေ့ပြီ ဆိုလို့ကတော့ သွားပြီဗျို့၊ ဧည့်စာရင်းတွေကတော့ သေအောင်စစ်တာဗျို့။ ကား ၃-၄ စီးနဲ့ကို စစ်တာစစ်တာ။ နှီးဘုရားပေါ်မှာဆိုရင် အစောကြီးကတည်းက သူတို့တွေကို တွေ့ရတယ်ပေါ့။ သံမဏိစက်ရုံရှေ့မှာဆိုရင် စစ်တပ်ဂိတ်ရှိတယ်၊ အဲဒီမြောင်းကြီးတွေ တူးထားတာ ရှိတယ်ပေါ့နော့။ လမ်းကြောင်းရှိတဲ့နေ့ ဘာညာဆိုရင်တော့ တော်တော်များများတော့ ဂိတ်တွေမှာ ရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။

၁၀၂၇ ဒုတိယလှိုင်းမှာ မန္တလေးတိုင်းထဲက စဉ့်ကူးနဲ့ မိုးကုတ်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက အတည်ပြု ထုတ်ပြန်ထားပြီး နွားထိုးကြီး၊ တကောင်းမြို့တွေကိုလည်း သိမ်းယူထားတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းထွက်ပေါ်နေတာပါ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ အဓိကရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်တွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ ပေါက်မြောက်အောင်မြင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဩဂုတ် ၁၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ရေးဖိအားအောက် ရောက်နေတဲ့ လပခတိုင်းမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံး လက်နက်ချ အလင်းဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ  ဦးကျော်ဇော်က “လပခတိုင်းမှူးနဲ့တကွ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမြန်ဆုံး သူတို့ရဲ့အသက်အန္တရာယ် သူတို့မိသားစုရဲ့ အသက်အန္တရာယ်ကို ငဲ့ညှာပြီးတော့ ပြည်သူတွေဘက် ကူးပြောင်းပြီးတော့ အလင်းဝင်ကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ရှမ်း-မန်းစစ်ဆင်ရေးကြောင့် တခုပြီးတခု စစ်စခန်းတွေကျ၊ ရွာတွေ မြို့တွေ ကျနေတဲ့ တိုက်တိုင်းရှုံးနေတဲ့ စစ်အာဏာရူးနေတဲ့ စစ်အုပ်စုကို ကျောခိုင်းပြီးတော့ ပြည်သူဘက်ကို ဘက်ပြောင်းဖို့အတွက် လပခတိုင်းမှူးနဲ့တကွ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောကြားချင်ပါတယ်။ ဒီမှာတင်မကပါဘူး၊ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ စစ်တိုင်းဒေသကြီးတွေမှာ PDF တွေ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အုပ်စုတွေ ထိုးစစ်တွေ ဆင်တဲ့အချိန်မှာ အရင်က အလင်းဝင်ဖို့အတွက် အခွင့်မသာခဲ့ရင်တောင်မှ အဲဒီအချိန်မှာ လက်နက်ချပြီးတော့ အလင်းဝင်ဖို့အတွက် ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြေပြင်စစ်ရေး အသာစီးမယူနိုင်တော့တာကြောင့် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကတော့ မန္တလေးတိုင်း ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေမှာ နေ့တိုင်းနီးပါး ရှိနေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ စစ်ရှုံးလို့ ထွက်ပြေးရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေဟာလည်း လက်ရှိအချိန်မှာ ဦးတည်ရာမဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာပါ။

ပြင်ဦးလွင်ဒေသခံ အမျိုးသမီးတဦးက “တပ်ထဲကလူတွေကတော့ အကုန်ဆင်းကုန်ကြပြီလေ၊ တော်တော်များများကတော့ ပြောင်းကုန်ကြပြီ။ လားရှိုးတို့ ကျောက်မဲတို့ နောင်ချိုတို့ကနေ ဒီကို အားကိုးတကြီးနဲ့ ပြေးလာကြတဲ့သူတွေ အကုန်လုံးလည်း သူတို့က ခံခဲ့ရတဲ့သူဆိုတော့ သတင်းလည်းကြားတာနဲ့ အကုန်ပြေးကုန်ကြပြီ။ ဒီမှာက ခြောက်လို့ပေါ့ဗျာ။ ကားတွေဆိုရင် အဆင်းကားကများတယ်၊ အတက်ကားဆို တချို့ကားဆို လူတောင်မပါဘူး။ အဆင်းကားတွေဆိုရင် ခါတိုင်း ပုံမှန်ဈေးထက် ပိုပေးပြီးတော့ ဆင်းနေရတယ်။ မတိမ်းကြတဲ့သူတွေကတော့ ပြေးစရာမြေမရှိလို့ မတိမ်းကြတာပေါ့။ စစ်ကောင်စီနဲ့ မိသားစုတွေက ပိုက်ဆံရှိလို့ တိမ်းကြတာပေါ့ဗျာ။ လားရှိုးလိုဖြစ်မှာ ကြောက်လို့ ပြေးကြတာပေါ့” လို့ ပြောပါတယ်။

စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင်မြို့ဟာ စစ်ကောင်စီအတွက် စိတ်ဓာတ်ရေးရာနဲ့ ဂုဏ်သိက္ခာအရ အရေးပါတဲ့မြို့ဖြစ်ပြီး တဖက်မှာလည်း မန္တလေးမြို့ကို PDF တွေက ဦးတည်နေတာကြောင့် စစ်ကောင်စီက နှစ်ဖက်လုံးကို ထိန်းနိုင်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို လက်လွှတ်ခဲ့ရတာကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်ကို စစ်ကောင်စီက စစ်ခုံရုံးဖွဲ့ စစ်ဆေးနေပြီး မကြာသေးခင်ကမှ ပြောင်းလာတဲ့ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းဟာလည်း ဖိအားတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013