DVB Logo
Home
နိုင်ငံတကာ
အာဆီယံဒေသအတွင်း ကမ္ဘောဒီးယားက လူကုန်ကူးခံရမှု အများဆုံးဖြစ် 
DVB
·
August 16, 2024
အာဆီယံဒေသအတွင်း ကမ္ဘောဒီးယားက လူကုန်ကူးခံရမှု အများဆုံးဖြစ် 
Donate to DVB

အရှေ့တောင်အာရှမှာ ကမ္ဘောဒီးယားဟာ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပြီး လူကုန်ကူးခံရမှုဟာ အရင်နှစ်ကထက် ၈ ဆ ပိုများလာတယ်လို့  အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အထွေထွေ ညွန်ကြားရေးမှူး ဆေလ်မီကာရမ်က အာဆီယံ ဒေသတွင်းလူကုန်ကူးမှု ကာကွယ်တားဆီးရေးဆိုင်ရာ အစည်းအဝေးမှာ ပြောပါတယ်။

အဲဒီအစည်းအဝေးကို ဩဂုတ် ၁၅ ရက်က ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့ပြီး မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို လူကုန်ကူးခံရခြင်းမှ ကာကွယ်နိုင်ဖို့ အာဆီယံအဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ လူ့စွမ်းအားအရင်းအမြစ် အလွန်ပေါများတာကြောင့် လူကုန်ကူးသူတွေအတွက် မျက်စိကျစရာဖြစ်နေပြီး အာဆီယံဒေသအတွင်းမှာ လူကုန်ကူးခံရသူ စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းဟာ  နိုင်ငံအတွင်းနဲ့ နိုင်ငံအပြင်ကိုပါ ဒေသတွင်းမှာ လူကုန်ကူးခံနေရတယ်လို့  ဆေလ်မီကာရမ် က    ဆိုပါတယ်။

အာဆီယံအနေနဲ့ ဒီပြဿနာကို အာရုံစိုက်သင့်ပြီး  အာဆီယံဒေသအတွင်း အားလုံးအတူ ပူးပေါင်း ပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရွှေ့ပြောင်းလုပ်သားတွေက အထောက်အကူပြုနေ တယ်လို့လည်း သူက‌ ပြောပါတယ်။

၂၀၂၂ ခုကနေ ၂၀၂၃ ခုအထိ အရှေ့တောင်အာရှဒေသတွေမှာ အင်ဒိုနီရှားနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အွန်လိုင်းလိမ်လည်မှု စုစုပေါင်း ၂၄၃၄ ခု ရှိခဲ့ကြောင်း သိရပါတယ်။ 

အဲဒီစာရင်းထဲမှာ ကမ္ဘောဒီးယားက ၁၂၃၃ ဦး၊ မြန်မာက ၂၀၅ ဦး၊ ဖိလစ်ပိုင်က ၄၆၉ ဦး၊ လာအိုက ၂၇၆ ဦး၊ ထိုင်းက ၁၈၇ ဦး၊ ဗီယက်နမ်က ၃၄ ဦးနဲ့ မလေးရှားက ၃၀ ဦး တို့ ပါဝင်ကြပါတယ်။

ဒါဟာ အဲဒီ အရင်နှစ်ကထက်စာရင် အရေအတွက် အမြောက်အမြား ပိုလာတာဖြစ်ပါတယ်။ ၂၀၂၁ ခုမှာတော့ ကမ္ဘောဒီးယားက ၁၁၆ ဦးနဲ့ မြန်မာက ၇၇ ဦး ရှိခဲ့ပါတယ်။

အဲဒီလူကုန်ကူးမှုတွေထဲမှာ အများစုက အယောင်ပြ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု၊ ချစ်သူယောင်ဆောင်လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့ဖြစ်ကြပြီး တခြားသော အကြောင်းတွေနဲ့ လူကုန်ကူးခံရတာတွေလည်းရှိပါတယ်။ 

လူကုန်ကူးခံရသူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ လစာအမြောက်အမြားရတဲ့ အလုပ်တွေနဲ့ ဖြားယောင်းခံရတာဖြစ်ပြီး နောက်ဆုံးမှာတော့ လှည့်ဖျားခံကြရတာသာဖြစ်ပါတယ်။

လူကုန်ကူးခံရသူတွေဟာ အလုပ်ချိန်ရှည်လျားစွာ အလုပ်လုပ်ပေးရတာ၊ အထောက်အထား စာရွက်စာတမ်းတွေကို ထိန်းသိမ်းခံထားရတာ၊ အလွန်များပြားတဲ့ ဒဏ်ငွေပမာဏ ချမှတ်ခံရတာ၊ လွတ်လပ်စွာသွားလာတာနဲ့ လွတ်လပ်စွာဆက်သွယ်တာတို့ကို တားမြစ်ပိတ်ဆို့ခံရတာ၊ လူကုန်ကူးတဲ့ကုမ္ပဏီတွေက အင်ဒိုနီးရှားနိုင်ငံသားတွေကို ခြိမ်းခြောက်ဖို့နဲ့ အကြမ်းဖက်ဖို့အတွက် ခိုင်းစေခံရတာတို့ကို တွေ့ကြုံခံစားကြရပါတယ်။

အင်ဒိုနီရှားနိုင်ငံကနေ တခြားနိုင်ငံတွေကို လူမှောင်ခိုကူးတာလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအား ကာကွယ်ဖို့နဲ့ အပြီးသတ်နှိမ်နင်းဖို့အတွက် အင်ဒိုနီရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တရားဥပဒေစိုးမိုးရေးအရာရှိတွေကို လမ်းညွှန်ထားလို့လည်း  ဆေလ်မီကာရမ်ကပြောပါတယ်။ 

ဒေသတွင်းနဲ့ နိုင်ငံတကာကို အင်ဒိုနီရှားကနေ လူမှောင်ခိုကူးတာကို ကာကွယ်ဖို့နဲ့ အမြစ်ပြတ်ချေမှုန်းဖို့ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေကို အမိမြေပြန်လည်ပို့ဆောင်ရေးမှာ အထောက်အပံ့ ကောင်းစွာ ရရှိခဲ့ပါတယ်။

၂၀၂၂ ခုအတွင်း စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့တဲ့ ၂၀၂ ဦး အပါအဝင် လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄၈၄ ဦးကို ကမ္ဘောဒီးယားနိုင်ငံကနေ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ 

၂၀၂၃ ခု ဇူလိုင်လထဲမှာ ကမ္ဘောဒီးယားအစိုးရရဲ့အကူအညီနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦးကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးရဲ့ အကူအညီနဲ့ လူကုန်ကူးခံခဲ့ရတယ်လို့ ယူဆရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကိုလည်း မြန်မာနိုင်ငံကနေ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။

၂၀၂၃ ခု ဇွန်လထဲမှာလည်း အွန်လိုင်းလိမ်လည်နေတဲ့ကုမ္ပဏီတခုမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၁၃၇ ဦးကို အင်ဒိုနီရှားအစိုးရနဲ့ ဖိလစ်ပိုင်အစိုးရတို့ပူးပေါင်းပြီး ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ပဋိပက္ခဒေသမှာ အင်ဒိုနီးရှားနိုင်ငံသား ၄၄ ဦး ပိတ်မိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတွေကို တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်စေမယ့် လမ်းညွှန်ချက် အသစ်တွေပါဝင်တဲ့ စာတမ်း ၄ စောင်နဲ့ အစည်းအဝေးကို အဆုံးသတ်ခဲ့ကြောင်း အာဆီယံ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကို ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံက အဆိုပြုတင်သွင်းခဲ့တာလို့ သိရပါတယ်။

Source: Jakarta Globe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013