DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်အဖြစ် ဖဲထောင်းထန်းရှင်နာဝပ်ကို အဆိုတင်ရန် ဆုံးဖြတ်
DVB
·
August 15, 2024
ထိုင်းဝန်ကြီးချုပ်အဖြစ် ဖဲထောင်းထန်းရှင်နာဝပ်ကို အဆိုတင်ရန် ဆုံးဖြတ်
Donate to DVB

ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် သက်ဆင်ရှင်နာဝပ်ရဲ့ သမီးငယ် ဖဲထောင်းထန်းရှင်နာဝပ်ကို  အဆိုတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ဆေထာထဝီးဆင်ကို ရာထူးကဖယ်ရှားကြောင်း အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ချက်ချလိုက်တဲ့နောက်  ဝန်ကြီးချုပ်သစ် ပြန်လည်ရွေးချယ်တင်မြှောက်ဖို့ ရှိနေတာပါ။

ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ပွဲကို မနက်ဖြန် ဩဂုတ် ၁၆ ရက် မနက် ၁၀ နာရီ  အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆန္ဒမဲပေးတဲ့စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် ဝင်ရောက်ရွေးချယ်ခွင့်ရှိသူ ပါတီ ၄ ခုမှ ပုဂ္ဂိုလ် ၇ ဦးရှိပေမဲ့ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကိုသာ အဆိုပြုဖို့ ကျန်တဲ့ပါတီတွေက တညီတညွတ်တည်း ထုတ်ပြန်ကြပါတယ်။

ဒါကြောင့် ဖွေ့ထိုင်းပါတီ ဗဟိုကော်မတီဝင်တွေက အရေးပေါ်အစည်းအဝေးလုပ်ပြီး ဝန်ကြီးချုပ်လောင်းရဲ့ အမည်ကို ရွေးချယ်ရာမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးငယ် အုန်အိန် (ခ) ဖဲထောင်းထန်း ရှင်နာဝပ် (၃၇ နှစ်) ရဲ့အမည်ကို အဆိုတင်သွင်းဖို့ အကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

မနက်ဖြန် ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ပွဲမှာ ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ အမည်ကို အဆိုပြုမယ့်အကြောင်း ကာယကံရှင် ဖဲထောင်းထန်း၊ ဖွေ့ထိုင်းပါတီ တာဝန်ရှိသူတွေနဲ့ အစိုးရအဖွဲ့ဝင် ပါတီခေါင်းဆောင်တွေ တစုတစည်းလာရောက်ပြီး ဒီကနေ့ ဩဂုတ် ၁၅ ရက် ညနေ ၅ နာရီကျော်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အဆိုပါ သတင်းစာရှင်းပွဲမှာ အစိုးရအဖွဲ့ဝင် ပါတီခေါင်းဆောင်တွေက ဖွေ့ထိုင်းပါတီရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနဲ့ ဖွေ့ထိုင်းပါတီက အမည်စာရင်း တင်သွင်းတဲ့ ဝန်ကြီးချုပ်နဲ့ လက်တွဲပြီး တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်မယ့်အကြောင်း အသီးသီး ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်လောင်း ဖဲထောင်းထန်း ရှင်နာဝပ်ကလည်း သူ့ရဲ့အမည်ကို အဆိုပြုခဲ့တဲ့ ဖွေ့ထိုင်းပါတီ လွှတ်တော်အမတ်အားလုံး၊ ပါတီဗဟိုကော်မတီဝင်အာလုံးကို ကျေးဇူးတင်ကြောင်း၊ သတင်းစာရှင်းပွဲမှာ အတူတကွ လာရောက်ပူးပေါင်းတဲ့ မိတ်ဖက်ပါတီ ခေါင်းဆောင်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

သူအမှန်တကယ် ဝန်ကြီးချုပ်နေရာ ရမရကို မနက်ဖြန် ရွေးကောက်ပွဲမှာ စောင့်ကြည့်ရမယ်၊ သူ့အနေနဲ့ ဝန်ကြီးချုပ် ဆေထာထဝီးဆင်ရဲ့ တာဝန်ဝတ္တရား ဆောင်ရွက်ချက်တွေကို ချီးကျူးတယ်၊ မမျှော်လင့်တဲ့ အခြေအနေမှာ ခုလိုဖြစ်သွားတဲ့အပေါ် နှမျောမိတယ်၊ ဝန်ကြီးချုပ် ဆေထာဟာ သူရာထူးမရခင်ကတည်းက ချစ်ခင်လေးစားရသူ လူကြီးတယောက်ဖြစ်တယ်၊ သူမဟာ ရာထူးဆက်လက်ဆက်ခံရမယ်ဆိုရင် နိုင်ငံနဲ့ လူမျိုးအကျိုး တိုးတက်အောင် ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်၊ တိုးတက်တဲ့ တိုင်းပြည်အဖြစ် ရှေ့ဆက်သွားနိုင်ဖို့ မိမိကိုယ်တိုင်ရော၊ မိမိပါတီနဲ့ မိတ်ဖက်ပါတီတွေ အားလုံးအပေါ် ယုံကြည်မှုအပြည့်ရှိတယ်၊ အားလုံးပဲ အတူတကွပူးပေါင်းပြီး တိုင်းပြည်အတွက် ဆောင်ရွက်သွားကြမယ်လို့ ပြောသွားပါတယ်။

Source: The Standard 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013