DVB Logo
Home
မြန်မာသတင်း
ထိုင်းပင်လယ်ပြင်တွင် နစ်မြုပ်ငါးဖမ်းစက်လှေပေါ်မှ မြန်မာလုပ်သား ၆ ဦးအလောင်း ပြန်တွေ့
DVB
·
October 1, 2026
Photo:  ThaiPost
Photo: ThaiPost
Donate to DVB

ပြီးခဲ့တဲ့အပတ်က ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဆတဟိပ်မြို့နယ်တွင်းရှိ ပင်လယ်ပြင်မှာ ထိုင်းငါးဖမ်းလှေတစီး မုန်တိုင်းမိလို့ နစ်မြှုပ်သွားရာမှာ မြန်မာအလုပ်သမားတွေပါ သေဆုံး ပျောက်ဆုံးနေပါတယ်။ 

“ဆော်ကန်ကျနာဝါရီ ၈၈၈” အမည်ရှိ အဆိုပါ ငါးဖမ်းစက်လှေကြီးပေါ်မှာ ထိုင်းနိုင်ငံသား ၂ ယောက်နဲ့ မြန်မာရေလုပ်သားအယောက် ၂၀ စုစုပေါင်း ၂၂ ယောက် ပါသွားခဲ့ပြီး ၁၅ ယောက်သာ ကယ်တင်နိုင် ခဲ့ကာ ထိုင်းလှေဦးစီး ၁ ယောက်ရဲ့ အလောင်းသာ ဆယ်ယူရရှိပြီး ကျန်မြန်မာရေလုပ်သား ၆ ယောက် ပျောက်ဆုံးနေခဲ့တာပါ။ 

ကနဦးမှာ လှေသင်္ဘောပျက်ထဲက အလောင်း ၂ လောင်းတွေ့ရှိပေမဲ့ လှိုင်းလေထန်တာကြောင့် အလောင်းဆယ်လို့ မရခဲ့ဘူး၊ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကျန်သူတွေ အသက်ရှင်လျက်တွေ့ရဖို့ မျှော်လင့်ချက်နဲ့ လိုက်လံရှာဖွေပေမဲ့ မတွေ့ခဲ့ပါဘူး။ 

ဒီမတိုင်ခင်က ရဲလင်း (၂၂ နှစ်) ဆိုသူ  မြန်မာရေလုပ်သားဟာ ရေထဲမျောနေတာကို အသက်ရှင်လျက် ကယ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ သူ့ရဲ့ဇနီးဖြစ်သူကတော့ နားလည်မှု လွဲမှားခြင်း သာဖြစ်ကြောင်း၊ အမှန်မှာ သူမခင်ပွန်းကို မတွေ့သေးကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ 

ပျောက်ဆုံးနေသူနဲ့ ရေထဲနစ်မြုပ်နေတဲ့ ငါးဖမ်းလှေသင်္ဘောကို ထိုင်းရေတပ်အာဏာပိုင်နဲ့ ကျွမ်း ကျင်ရေငုပ်သမားတွေ၊ ဆဝမ်ရို့ကျနထမ်မဆထန်ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်း ရှာဖွေ ဆယ်ယူနေတာမှာ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီ ၁၀ မိနစ် အချိန်မှာတော့ သင်္ဘောအိပ်ခန်းထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ သေဆုံးနေတဲ့ လုပ်သား ၆ ယောက်လုံးရဲ့ အ လောင်းတွေကို တွေ့ရှိခဲ့တယ်လို့  ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။ 

အဆိုပါရုပ်အလောင်းတွေကို  မည်သူမည်ဝါဖြစ်ကြောင်း တရားဝန်ထုတ်ပြန်နိုင်ဖို့ တာဝန်ရှိသူတွေ က ရဲဆေးရုံ မှုခင်းဆေးသိပ္ပံဌာနကို ပို့ဆောင်စစ်ဆေးဦးမှာ ဖြစ်တယ်။ အဲဒီနောက် ကျန်ရစ်သူ မိသားစုထံ စနစ်တကျ လွှဲပြောင်းပေးအပ်ပြီး ဘာသာရေးဆိုင်ရာ ဓလေ့ထုံးစံနဲ့အညီ အသုဘကိစ္စ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ 

ပျောက်ဆုံးနေသူ ရေလုပ်သား ၆ ယောက်မှာ စိုးလတ် (၃၈ နှစ်)၊ ဆန်းထိုက် (၄၇ နှစ်)၊ နိုင်ဦး (၄၅) နှစ်)၊ ထွန်းလွင် (၂၂ နှစ်)၊ ခင်မောင်အေး (၄၇ နှစ်) နဲ့ ရဲလင်း (၂၂ နှစ်) တို့ ဖြစ်ပါတယ်။ 

တာဝန်ရှိသူတွေဟာ မနေ့ညက  “ဆော်ကန်ကျနာဝါရီ ၈၈၈ ” ငါးဖမ်းသင်္ဘောပျက်ကြီးကိုပါ ဆတ်တဟိပ်မြို့နယ် ဆဲမ်ဆာန်အုပ်စုရှိ ရေတပ်စခန်းရဲ့  ကျုပ်စမဲက် ဆိပ်ခံတံတားနားကို ဆွဲတင် လာခဲ့တယ်။ ပင်လယ်ပြင်ထဲမှာ ရာသီဥတုဆိုးရွားပြီး လှိုင်းလေထန်နေတာကြောင့် ရှာဖွေ‌ရေး လုပ်ငန်းတွေဟာ ရည်မှန်းထားတာထက် ပိုပြီး ကြန့်ကြာခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

စတင်ဆယ်ယူချိန်မှာ သင်္ဘောဟာ ဇောက်ထိုးမှောက်ခုံဖြစ်နေတာကြောင့် လီတာ ၂၀၀ ဆံ့ ပေပါအိတ်တွေကို ကြိုးနဲ့ချည် လေဖိအားတွေ မှုတ်သွင်းပြီး သင်္ဘောကြမ်းပြင်ပေါ်လာစေဖို့ ထိန်းမ  ပေးခဲ့ရတယ်။ ပျောက်ဆုံးနေသူတွေဟာ သင်္ဘောအတွင်းပိုင်းမှာ ပိတ်မိနေနိုင်တယ်လို့ သတင်းရတာ ကြောင့် ရေငုပ်သမား နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

ဆက်လက်ပြီး “ဆော်ကန်ကျနာဝါရီ ၈၈၈”  သင်္ဘောပျက်ကို အပြီးသတ်ဆယ်ယူနိုင်ရေး၊ အသေးစိတ် စစ်ဆေးရေးတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး သင်္ဘောမှောက်သွားရတဲ့ ဖြစ်စဉ် အချက်အလက် သက်သေအထောက်အထားတွေလည်း ရှာဖွေစုဆောင်းသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

Source - (ข่าวคนชล's Post ) ချွန်းပူးရီးဒေသတွင်း သတင်း / ThaiPost 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013