
မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးဖမ်းလာတဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံသား ငါးဖမ်းသမား ၇ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ဇွန် ၁၅ ရက်က အာရက္ခရေပိုင်နက်ကမ်းစပ်နဲ့ မီတာ ၅၀၀ လောက်အကွာမှာ ကျူးကျော် ငါးဖမ်းနေတဲ့ စက်လှေ ၄ စင်းအနက် ငါးဖမ်းစက်လှေ ၂ စင်းနဲ့အတူ ငါးဖမ်းသမား ၇ ယောက်ကို ဖမ်းဆီးရမိတယ်လို့ မောင်တော ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်တဲ့သူတယောက်က ပြောပါတယ်။
“မီတာ ၅၀၀ အကွာလောက်မှာ ငါးခိုးဖမ်းနေတဲ့ ဘုတ် ၄ စင်း တွေ့တာကို လိုက်ဖမ်းတာ။ သူတို့ကလည်း ထွက်ပြေးတယ်။ အဲဒါနဲ့ ၄ စင်းထဲက ၂ စင်းကို အမိဖမ်းနိုင်ခဲ့တယ်။ လူကတော့ ၇ ယောက် ပါတယ်။”
ဖမ်းဆီးမိတဲ့ ငါးဖမ်းသမားတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးသွားမယ်လို့လည်း အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ဒီအတိုင်းတော့ ပြန်မလွှတ်ပါဘူး။ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပြီးမှ ပြန်ွလွှတ်မှာ။ သူတို့ဘက်က တာဝန်ရှိသူတွေနဲ့ လွှဲပြောင်းပေးမှာပါ။”
နောက်ထပ် ငါးဖမ်းစက်လှေ ၂ စင်းဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်းကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အာရက္ခရေပိုင်နက်အတွင်းမှာ အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာခဏ ငါးခိုးဖမ်းတဲ့အတွက်ကြောင့် ဒေသခံငါးဖမ်းသမားတွေအတွက် နစ်နာမှုရှိပြီး ထိရောက်တဲ့ အရေးယူ ပြစ်ဒဏ်တွေ ချမှတ်သင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။










