DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်ပြီး ဝယ်ယူရခက်ခဲ
DVB
·
August 15, 2024
မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်ပြီး ဝယ်ယူရခက်ခဲ
Donate to DVB

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှာ စက်သုံးဆီပြတ်လပ်မှုဟာ အဆိုးရွားဆုံး အခြေအနေ ဖြစ်နေပြီး ဝယ်ယူရခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်သုံးပြတ်လပ်မှုဟာ ဩဂုတ် ၁၀ ရက် နောက်ပိုင်းတည်းက တဖြည်းဖြည်း ဆိုးရွားလာပြီး ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ ဝယ်ယူလို့မရတဲ့အထိ အခြေအနေ ဆိုးရွားနေပါတယ်။

မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာတောင် စက်သုံးဆီ ၁၀,၀၀၀ ဖိုး ရဖို့အတွက် ညအိပ်စောင့်ခဲ့ရတယ်လို့ သုံးဘီးဆိုင်ကယ်မောင်းသူတဦးက ပြောပါတယ်။

“မနက် အိုးဝေဆွဲဖို့ကို ဆီ ၁၀,၀၀၀ ဖိုးရဖို့ကို ညတည်းက တန်းစီပြီး စောင့်ရတာ။ စရောင်းတာ မနက် ၅ နာရီ‌မှ ဆိုပေမဲ့ ၇ နာရီကျော်ရင် ဆီမရတော့ဘူးလေ။ အဲဒါကြောင့် ညတည်းက ညစောင့်ပြီး တန်းစီနေရတာ။ ဒီလောက်အခြေအနေဆိုးတာ တခါမှမတွေ့ဖူးဘူး။ ၃ မိုင်အရှည်လောက်ရှိတဲ့ မော်လမြိုင်ကမ်းနားလမ်းက တလျှောက်လုံး ဆီတန်းစီတဲ့သူတွေ ပြည့်နေတာပဲ။ အဲဒါတောင် Aplex တဆိုင်မှာ ဆီတန်းစီတဲ့သူတွေပဲ ရှိတာ။ မြို့ထဲ ဘယ်နေရာသွားသွား ဆီတန်းစီနေတဲ့သူတွေကို မတွေ့ရတဲ့နေရာ မရှိဘူး။”

မွန်ပြည်နယ်အတွင်းမှာ လက်ရှိ စက်သုံးဆီ ပြင်ပပေါက်ဈေး တလီတာကို ကျပ် ၅,၅၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ပေါက်ဈေးရှိပြီး စက်သုံးဆီဆိုင်ကြီးတွေမှာတောင် တလီတာကို ကျပ် ၄,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

ကျိုက်ထိုမြို့နယ်မှာလည်း စက်သုံးဆီဆိုင်ကြီး ၁၂ ဆိုင် ရှိပေမဲ့ ၁၂ ဆိုင်လုံး ပိတ်ထားပြီး ဆီလုံးဝမရောင်းချပေးတာ ၂ ရက်ရှိနေပြီဖြစ်တဲ့အတွက် အပြင်ဆိုင်မှာ ဈေးကြီးပေးပြီး‌ ဝယ်နေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူများမြို့‌တွေမှာတောင် အရင်က တန်းစီလို့ရသေးတယ်။ ဒီမြို့မှာက ဘယ်ဆီဆိုင်မှာမှကို တန်းစီလို့မ‌ရတော့တာ။ ဘယ်ဆိုင်မှလည်း မရောင်းပေးဘူး။ အခု အပြင်ဆိုင်တွေက ဈေးကြီးပေးပြီး ဝယ်နေရတယ်။ အဲဒါတောင် ဆိုင်ကယ်တွေအတွက်ပဲ ရေသန့်ဘူး ၃ ဘူးစာလောက်ရတာ။ ကားတွေအတွက်ဆို မရဘူး။ တလီတာကို ၅,၅၀၀၊ ၆,၀၀၀ လောက် ပေးနေရတယ်။”

စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီရရှိဖို့ မသေချာတာနဲ့ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရတဲ့အတွက် ခေတ္တရပ်နားထားပေမဲ့ စစ်တပ်က အချိန်ပိုင်းရောင်းချခိုင်းနေတယ်လို့ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်တခုရဲ့ မန်နေဂျာက‌ ပြောပါတယ်။

“စက်သုံးဆီက လက်ကျန်ရှိနေကြသေးတယ်။ ဘာလို့မရောင်းပေးတာလဲဆိုရင် စက်သုံးဆီဈေးက ဈေးမြင့်ပြီး ဝယ်ထားရပြီး သတ်မှတ်ဈေးနဲ့ ရောင်းနေရတော့ အဆင်မပြေဘူး။ နောက်ပြီး စက်သုံးဆီကားမဝင်တာ ၅ ရက်‌ရှိပြီ။ ဘယ်နေ့ထပ်ဝင်မလဲ ဆိုတာ သေချာမသိသေးတာလည်း ပါတယ်။ အခု စစ်တပ်နဲ့ လူကြီးတွေကတော့ ဆိုင်လုံးဝပိတ်လို့မရဘူး ပြောတယ်။ တနေ့ကို အချိန်ပိုင်းလောက်တော့ ရောင်းပေးရမယ်။ တကယ်လို့ တနေကုန်ပိတ်ထားရင် အရေးယူမယ်လို့ ပြောသွားတယ်။”

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အရေးပေါ်လူနာတင်ကားတွေမှာလည်း အရင်က စက်သုံးဆီ ဦးစားပေးစနစ်နဲ့ ရောင်းချပေးနေပေမဲ့ အခုတော့ တခြားယာဉ်တွေနဲ့အတူ တန်းစီပြီး ဝယ်ရတာအပြင် လိုသလောက် ဝယ်ယူလို့မရ‌တာကြောင့် လူနာသယ်ယူရာမှာ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သထုံမြို့နယ်ရှိ ပရဟိတအသင်းတခုက ပြောပါတယ်။

ရန်ကုန်၊ သီလဝါဆိပ်ကမ်းက သိုလှောင်ရေးစခန်းတွေမှာ အခုလလယ်လောက်အထိ လုံလုံလောက်လောက် သိုလှောင်ထားတယ်လို့ စစ်ကောင်စီရဲ့ စက်သုံးဆီလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကတော့ ဩဂုတ် ၃ ရက်မှာ ပြောကြားထားပေမဲ့ ပြည်သူတွေမှာတော့ စက်သုံးဆီပြတ်လပ်မှုကို ဆိုးရွားစွာ ခံစားနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013