DVB Logo
Home
မြန်မာသတင်း
ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
August 15, 2024
ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနောက်ဘက်မှာရှိတဲ့ လမောင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ် ၁၅ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒီမနက်က သိမ်းလိုက်နိုင်ပြီ။ သူတို့ဘက်က နေရာစုံကနေ လက်နက်ကြီးပစ်တယ်။ လေယာဉ်နဲ့ လာပစ်တဲ့ကြားက သိမ်းလိုက်နိုင်ပြီ။ တောမှော်ကတော့ တိုက်နေတုန်းပဲ။”

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က နေ့လယ် ၁၂ နာရီကျော်ခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ လမောင်ကျေးရွာ အနီးပတ်ဝန်းကျင်ကို လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့ ဖားကန့်မြို့အနောက်ဘက်မှာရှိတဲ့ လမောင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ် ၁၄ ရက် မနက်ပိုင်းကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့ ဩဂုတ် ၁၅ ရက်မှာပဲ မနကျေးရွာအနီးက ဖားပြင်ဆုတောင်းကုန်းနဲ့ မနရွာကြားက ကုမ္ပဏီဝန်းတခုမှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် လမောင်ကုန်းကျေးရွာနဲ့ ဆိုင်းဂျာဘွမ်ကျေးရွာက စစ်ရှောင်ပြည်သူတွေ အပါအဝင် မနကျေးရွာဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “မနက်က တရွာလုံး ပြေးရပြီ။ ရွာထဲ လက်နက်ကြီးတလုံးကျပြီး အိမ်တလုံးမှာ ထိသွားတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်။ ဖားကန့်ဗျူဟာကုန်းကလည်း ဒီမနက် လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတာ။ လမောင်ကုန်းနဲ့ ဆိုင်းဂျာဘွမ်က ဒေသခံတွေက မနကို စစ်ရှောင်လာကြတာ၊၊ အခုတော့ ထပ်ဆင့်ရှောင်ရတာပေါ့။”

ဩဂုတ် ၁၄ ရက် ညပိုင်းက ဆိုင်းတောင်ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဆိုင်းတောင် ရပ်ကွက် ၄ ရှိ နိုင်ကဖေးဆိုင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်း ဗျူဟာမြောက် တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လမောင်ကုန်းတပ်စခန်းဟာ စစ်အင်အား ၂၀၀ ထက်မနည်း တပ်စွဲထားတဲ့ ဆယ်စုနှစ်တစုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူ လှမ်းထောက်ထားတဲ့ အဓိက စခန်းကြီးတခု ဖြစ်သလို စစ်ရေးအရ အရေးပါဆုံး တပ်စခန်းကြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တောမှော်တပ်စခန်းကိုတော့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊ နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းနဲ့ လမောင် တပ်စခန်းတို့ကို သိမ်းယူထားပြီး ဖြစ်ပါတယ်။

တောမှော်တပ်စခန်း၊ ကံဆီးဗျူဟာကုန်း၊ အောင်ဘာလေစခန်း၊ လယ်ပြင်စခန်း၊ ဆိုင်းတောင်ရဲစခန်း၊ ဖားကန့်ဗျူဟာကုန်း၊ ဖားကန့်ရဲစခန်း စတဲ့ တပ်စခန်းနေရာတွေသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013