DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်ချက်အမျိုးမျိုးကြောင့် ကုန်သည်များ အရှုံးပေါ်နေ
DVB
·
August 14, 2024
စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်ချက်အမျိုးမျိုးကြောင့် ကုန်သည်များ အရှုံးပေါ်နေ
Donate to DVB

ပြည်တွင်းပို့ကုန်တွေ တင်ပို့ရာမှာ တွက်ခြေကိုက်နေပေမဲ့ ဗဟိုဘဏ်ရဲ့ ဥပဒေတွေနဲ့ ပုဂ္ဂလိကဘဏ်တွေကို ထိန်းချုပ်ထားတာကြောင့် ကုန်သည်တွေဘက်က အရှုံးပေါ်နေပြီး ရေရှည်မှာ ကုန်သွယ်မှုတွေအကုန်လုံး အခက်အခဲတွေဖြစ်ပြီး ကျပ်တည်းလာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေနဲ့ ကုန်သည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။

မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲလာတာကြောင့်  ကော့ကရိတ်- မြဝတီ(အောက် ဗိုလ်တဲ)လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

လက်ရှိမှာ မြန်မာငွေကျဆင်းပြီ ထိုင်းဘတ်ငွေမြင့်တက်နေတာကြောင့် ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးဖြစ်တဲ့ ထိုင်းဘတ် ၁ ဘတ်ကို မြန်မာငွေ ၁၀၂ ကျပ်သာရရှိပြီး အပြင်ပေါက်ဈေးဟာ ၂၀၀ နီးပါးရှိပါတယ်။

ကုန်တွေတင်ပို့ရာမှာ တွက်ခြေကိုက်ပေမဲ့ ဗဟိုဘဏ်ရဲ့ ဥပဒေတွေကြောင့် အရှုံးပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “ကုန်သွယ်မှုကဏ္ဍာက ဘတ်ဈေးတွေနဲ့ မကိုက်ဘူး။ ပြောမယ်ဆိုရင် အမှန်တကယ်လမ်းကြောင်းပေါ်ပုံမှန်အတိုင်းသွားမယ်ဆိုရင် ပိုကုန်က ပိုကောင်းတယ်။ ပို့ကုန်က ကိုက်တဲ့အခြေအနေမှာရှိတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ဥပဒေတွေနဲ့ ပုဂ္ဂလိကဘဏ်တွေထိန်းချုပ်ထားတဲ့ ဥပဒေတွေ တွက်လိုက်ရင် ပြောမယ်ဆိုရင် ကုန်သည်တွေဘက်က အရှုံးဖြစ်နေတယ်။ ရေရှည်မှာဆိုရင် ကုန်သွယ်မှုတွေအကုန်လုံး အခက်အခဲတွေဖြစ်ပြီး ကျပ်တည်းလာနိုင်တယ်”လို့ ပြောပါတယ်။

မြန်မာ- ထိုင်းနယ်စပ် ငွေလဲလှယ်ရာမှာ ဩဂုတ် ၁၃ ရက်က မြန်မာငွေ ၁ သိန်းကို ထိုင်း ဘတ်  ၅၂၀ ၊ ဒီကနေ့ ဩဂုတ် ၁၄ ရက်နေ့ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၅၄၀ ဖြစ်ပြီး အထိ မြန်မာငွေဈေး အနည်းငယ်တက်လာပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့ မြဝတီမြို့တွေမှာ ကုန်စည်တွေကို ထိုင်းဘတ်ငွေနဲ့ တွက်ပြီးရောင်းချနေတာကြောင့် ကုန်စည်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး စားသုံးသူပြည်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြို့ခံပြည်သူတဦးက “လူတွေအကုန်လုံးအဆင်မပြေတော့ဘူးလေ။ တော်တော်များများ ဆိုင်တွေက ဘတ်နဲ့ရောင်းတယ်။ ဘတ်ဈေးကလည်း မငြိမ်ဘူး။ တနေ့ တနေ့ကို ဒီဘတ်ဈေးနဲ့ကို အလုပ်ရှုပ်နေကြတယ်။ ဈေးကြီးတာမှ မထင်မှတ်တဲ့ဈေးတွေ ဖြစ်နေတယ်။ ဖြစ်သမျှကိုရင်ဆိုင်နေရတယ်။ နောက်ဆိုရင် ဆိုးဝါးတဲ့အခြေအနေတွေကို ကြုံတွေ့ရနိုင်တယ်လို့ ထင်တယ်။ နောက်ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်တော့မယ်။ မကြားသင့်တာတွေ ကြားရတော့မယ်။ လုံခြုံမှုမရှိသလို စိတ်လုံခြုံမှု မရှိတော့ဘူး။ လူတွေရဲ့ ကိုယ်ပိုင်ဘဝတွေ မလုံခြုံတော့ဘူး”လို့ ပြောပါတယ်။

ဘားအံမြို့မှာ ရွေပုဇွန်ဆန်ကြမ်းတအိတ် ကျပ် ၉၆၀၀၀၊  နဂါးမင်းတအိတ် ကျပ် ၁၁၂၀၀၀၊ ပေါ်ဆန်မွှေး စိန်သစ္စာတအိတ် ကျပ် ၁၅၅၀၀၀၊ ပုဇွန် ၂ ကောင်ဆီ ၅ လီတာ တဘူး အရင်က ကျပ် ၂၈၀၀၀ ကနေ အခု ကျပ် ၄၂၀၀၀၊ ယိုးဒယားဆပ်ပြာမှုန့် ၁၀၀၀ ကီလိုဂရမ် တထုတ် ကျပ် ၄၀၀၀ ကနေအခု ကျပ် ၇၀၀၀၊ ဓာတ်ဆီ(95) တဂါလံ ကျပ် ၁၃၅၀၀ ကနေ အခုကျပ် ၁၇၅၀၀ ဝယ်ယူရပြီး ဆိုင်တိုင်းဝယ်ယူလို့မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မြန်မာစီးပွားရေးက လုံးဝကို ထိုးကျနေတဲ့အပြင် မြန်မာငွေဈေးပါ ထိုးကျနေတာကြောင့် ပို့ကုန်ကဏ္ဍာကို ဖြည့်လျော့ပြီး နိုင်ငံခြားငွေများများရအောင်လုပ်မှ မြန်မာငွေပြန်တက်လာနိုင်မယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “စီးပွားရေးက လုံးဝကို ထိုးကျနေတယ်။ တအားကိုထိုးကျနေတယ်။ နောက်ပြီး သွင်းကုန်သမားဆိုရင် သွင်းကုန်ကို မဝယ်နိုင်ဘူး။ ဒီလောက် ဘတ်ဈေးတွေနဲ့ ဝယ်ပြီးရောင်းဖို့ မကိုက်တဲ့အခြေအနေဖြစ်တယ်။ လမ်းစရိတ်တွေလည်း ရှိသေးတယ်။ ဈေးတွေက တရက်ထက် တရက်ခုန်တက်တယ်။ ဒီလိုမျိုးသွားနေရင် မြန်မာငွေဈေးက ထိုးကျနေဦးမှာပဲ။ ပို့ကုန်ကဏ္ဍာကို ဖြည့်လျော့ပြီးတော့ နိုင်ငံခြားငွေများများရအောင်လုပ်မှ ကိုယ်နိုင်ငံကငွေပြန်တက်လာမယ်”လို့ ပြောပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီ ၁ ရက်ကနေ ဇူလိုင် ၁၂ ရက်အထိ မြဝတီနယ်စပ်ကနေ ပို့ကုန်ဒေါ်လာ  ၃၂ သန်းကျော်၊ အရင်နှစ်ကုန်သွယ်မှု ဒေါ်လာ ၁၆၁ သန်းကျော်ကနေ ဒေါ်လာ ၁၂၉ သန်းကျော်လျော့နည်းခဲ့ပါတယ်။ 

သွင်းကုန်အနေနဲ့ ဒေါ်လာ ၃၆ သန်း ကျော်ရရှိပြီး အရင်နှစ်က ၃၈၁ သန်းကျော်ကနေ ဒေါ်လာ ၃၁၅ သန်းကျော်လျော့နည်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013