DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ စိုးရိမ်ဖွယ်နှုန်းဖြင့် ကျူးလွန်နေ ကုလထုတ်ပြန် 
DVB
·
August 14, 2024
မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ စိုးရိမ်ဖွယ်နှုန်းဖြင့် ကျူးလွန်နေ ကုလထုတ်ပြန် 
Donate to DVB

မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတဝန်းမှာ စိုးရိမ်ဖွယ်နှုန်းနဲ့ ပိုပြီး ပြင်းပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ အထောက်အထားတွေ အများကြီးရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေကို တရားစွဲဖို့ အမှုတည်ဆောက်ရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ယန္တရားရဲ့ တာဝန်ရှိသူ နီကိုးလပ်စ် ကွန်ဂျန်းက  ဩဂုတ် ၁၃ ရက်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာအတွင်း စစ်ဘက်ဆိုင်ရာပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံတွေကို လေကြောင်းက တိုက်ခိုက်တာ၊ ခေါင်းဖြတ်တာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေ၊ လိင်အင်္ဂါဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာ ပြသတာ အပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ထိန်းသိမ်းခံထားရသူတွေရဲ့ ကိုယ်အင်္ဂါဖြတ်တောက်မှု စတဲ့ အထောက်အထားတွေကို စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

ယန္တရားရဲ့အကြီးအကဲ နီကိုးလပ်စ်ကွန်ဂျန်းက “မြန်မာနိုင်ငံတဝန်း ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ဖော်ပြနေတဲ့ အထောက်အထား အများအပြားကို ကျနော်တို့ စုဆောင်းထားပါတယ်။ အရပ်သားပြည်သူတွေကို အပြစ်ပေးဖို့နဲ့ ကြောက်လန့်စေဖို့ ရည်ရွယ်ပြီး ဒီရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်အား ဆန့်ကျင်တယ်လို့ သံသယရှိသူတွေကို မတရားဖမ်းဆီးချုပ်နှောင်တာနဲ့ တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေအပါအဝင် တရားမဝင် အကျဉ်းချတာတွေကိုလည်း ယန္တရားက စုံစမ်းစစ်ဆေးနေပြီး ထောင်နဲ့ချီတဲ့လူတွေ ဖမ်းဆီးခံရသလို အများအပြားဟာ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။

ရိုက်နှက်တာ၊ လျှပ်စစ်နဲ့ ရှော့တိုက်တာ၊ လည်ပင်းညှစ်တာနဲ့ အိပ်စက်မရအောင်လုပ်တာ စတဲ့ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တွေကို စနစ်တကျကျူးလွန်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ လိင်အင်္ဂါအစိတ်အပိုင်းတွေကို မီးရှို့တာနဲ့ တခြားကြမ်းကြုတ်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ လိင်ကွဲပြားမှုအခြေပြု ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိသလို သေဆုံးသူတွေမှာ ကလေးငယ်တွေ အပါအဝင် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အားလုံးပါဝင်တယ်လို့ ဆိုပါတယ်။

နီကိုးလပ်စ် ကွန်ဂျန်းက  “ရာဇဝတ်မှုတွေအတွက် ဘယ်သူမှ ပြစ်ဒဏ်ပေးခံရခြင်း မရှိသေးပါဘူး။ ဒါဟာ ကျူးလွန်သူတွေကို ပိုအတင့်ရဲစေပြီး တိုင်းပြည်အတွင်းမှာ ပြစ်ဒဏ်ကင်းလွတ်တဲ့ ယဉ်ကျေးမှုကို ပိုခိုင်မြဲစေပါတယ်။ ဒီသံသရာကို အဆုံးသတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ယန္တရားက ဒီရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေကို တရားစွဲဖို့ အမှုတည်ဆောက်ရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။

ယန္တရားက စုဆောင်းရတဲ့ အချက်အလက်အများစုဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပေမဲ့ စစ်တပ်ကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေနဲ့သက်ဆိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကိုလည်း ရထားပြီး စစ်တပ်သတင်းပေးတွေ ဒါမှမဟုတ် စစ်တပ်နဲ့ ပူးပေါင်းသူတွေလို့ သံသယရှိတဲ့ အရပ်သားတွေကို တရားမဝင်ကွပ်မျက်တာမျိုးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် ၄၀၀ ကျော် အပါအဝင် သတင်းရင်းမြစ် ၉၀၀ ကျော်ဆီက စုဆောင်းရရှိတဲ့ အချက်အလက်နဲ့ အထောက်အထားတွေကို အခြေခံထားတာဖြစ်ပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ မြေပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ယန္တရားဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အမြောက်အမြားကို စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းနေသလို မြန်မာစစ်တပ်ရဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ အစောပိုင်း ရာဇဝတ်မှုတွေကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမှုတွေကို လက်ရှိစစ်ဆေးနေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးက တရားရေးအာဏာပိုင်တွေဆီ အထောက်အထား အများကြီးနဲ့ စိစစ်သုံးသပ်ချက်တွေကိုလည်း မျှဝေထားသလို တရားစွဲဆိုတာတွေနဲ့ ဆက်စပ်နိုင်တဲ့ အထောက်အထားတွေကို ကြိုတင်ပြင်ဆင်မျှဝေနေပြီး တရားရေးအာဏာပိုင်တွေက အတိအကျ တောင်းဆိုလာတဲ့ အချက်အလက်နဲ့ စိစစ်သုံးသပ်ချက်တွေကိုလည်း အကြောင်းပြန်ပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့၊ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Photo- UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013