DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် သာပေါင်းဒေသခံများ အကူအညီလိုအပ်၊ သောက်ရေပြတ်နေသည့် လွိုင်ကော်အနီး ရွာများကို ရေလှူဒါန်း
DVB
·
August 13, 2024
ရေဘေးသင့် သာပေါင်းဒေသခံများ အကူအညီလိုအပ်၊ သောက်ရေပြတ်နေသည့် လွိုင်ကော်အနီး ရွာများကို ရေလှူဒါန်း
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာမှာ ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် တာကျိုးပေါက်ပြီး နေအိမ်တွေ ရေနစ်မြုပ်ခဲ့လို့ ဒေသခံ အယောက် ၄၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က ငဝန်မြစ်ရေ တိုးမြင့်လာမှုကြောင့် သာပေါင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာနဲ့ ဂွေးတောက်ကွင်းကျေးရွာကို ဆက်ထားတဲ့တာ ကျိုးပေါက်ခဲ့ကာ နေအိမ်တွေထဲ ရေတွေဝင်ရောက်လာပြီး လူအယောက် ၄၀၀ ကျော် ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရပြီး သြဂုတ် ၁၂ ရက်အထိ အကူအညီမရဘဲ အရေးပေါ် အကူအညီတွေ လိုအပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “ဒီနေ့အထိ လူအယောက် ၄၀၀ ကျော်ထဲက အများစုက သစ်ဆိမ့်ကုန်း ဘုန်းကြီးကျောင်းမှာ တက်နေနေတာ။ တချို့ကတော့ မိသားစုတွေရဲ့ အိမ်တွေမှာ နေတဲ့သူတွေလည်း ရှိတယ်။ ဘယ်ဌာန အဖွဲ့အစည်းကမှ အကူအညီမလာပါဘူး။ ရေကလည်း ပြန်မကျသေးတော့ အတော်ဒုက္ခရောက်နေတာ။ တာပေါက်ကျလို့ ရေနစ်မြုပ်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီ တာကျိုးပေါက်တာကြောင့် ကျေးရွာ ၂ ရွာက နေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး နေအိမ် ၈ လုံး ရေစီးနဲ့မျောပါခဲ့ကာ တချို့အိမ်တွေက ဒေသခံတွေကို မီးသတ်တပ်ဖွဲ့က လာကူရွှေ့ပေးတာကလွဲရင် ဒီနေ့အထိ ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီပေးတာမရှိဘဲ လက်ရှိ ရေသန့်၊ ဆေးဝါးနဲ့ အစားအသောက်၊ အမိုးအကာ၊ အဝတ်အထည် အကူအညီ လိုအပ်နေတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုသမီးတယောက်က “အရင်ရက်က ကိုယ့်ရှိတာလေးနဲ့ ဖြေရှင်းနေတာ။ ရက်ရှည်လာတော့ ဘာမှစားစရာမရှိတော့တာ။ စားစရာကာ ဆေးဝါးကော။ ဘယ်သူမှလည်း လာကူညီတာ မရှိဘူး၊ မိုးကလည်းမပြတ်၊ ရေကလည်း ပြန်မကျသေးတော့ ဘယ်မှသွားမရ ဖြစ်နေတယ်။ လောလောဆယ် စားဖို့ သောက်ဖို့ပဲ အဓိကလိုအပ်တာပါ” လို့ ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် သစ်ဆိမ့်ကုန်း၊ ဘုရားကုန်း၊ ကွင်းပေါက်၊ ညောင်ကုန်း၊ ရွှေရောင်၊ သရက်ကုန်း စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်ခဲ့ကာ ဒေသခံတွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နဲ့ အနီးနားက ဘုရားဖြူ၊ ဘုရားနီ ရွာတွေမှာလည်း ရေကြီးမှုကြောင့် သောက်သုံးရေတွေ ပြတ်လပ်နေတဲ့အတွက် သြဂုတ် ၁၂ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ ကိုလွှမ်းက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇူလိုင် နောက်ဆုံးအပတ်မှာ မိုးဗြဲရေကာတာရဲ့ ရေထိန်းတံခါးကို ဖောက်ချလိုက်တဲ့အတွက် မြေနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး သောက်သုံးရေ ခက်ခဲလာတယ်လို့ သိရပါတယ်။

“သူတို့က ကျနော်တို့ကို အကူအညီတောင်းလာတယ်ပေါ့နော်။ ရေသောက်ဖို့ အခက်အခဲ ဖြစ်နေတယ်ပေါ့။ အဲဒါနဲ့ စီစဥ်ပြီးတော့ သွားလှူဖြစ်တာပါ။ စစ်ရှောင်တွေအတွက် မိုးကာတွေ လိုအပ်တာတွေလည်း ရှိတယ်ဗျ။ ရေက အိမ်ခြေများလို့ နောက်ထပ်လည်း ထပ်လှူဦးမှာပါ။”

ဘုရားဖြူရွာမှာ အိမ်ခြေ ၃၀ ကျော်နဲ့ ဘုရားနီရွာမှာ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး ဒေသခံတွေအတွက် သောက်သုံးရေ အခက်အခဲဖြစ်နေကာ အိမ်ခြေများတဲ့အတွက် ရေမလောက်ငသေးဘူးလို့ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ အရေပြားယားယံတာ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ မိုးကာလိုအပ်တာတွေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်တာတွေ ကြုံနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013