DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်တွင် ရေကြီး၊ လူပေါင်း ၄၀၀ ကျော် အကူအညီလိုအပ် 
DVB
·
August 13, 2024
ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်တွင် ရေကြီး၊ လူပေါင်း ၄၀၀ ကျော် အကူအညီလိုအပ် 
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး  တောင်ကျချောင်းရေတွေပါ စီးဝင်လာတာကြောင့် ရေကြီး မြေပြိုနေပါတယ်။

ဩဂုတ် ၁၁ ရက် ညကတည်းက မိုးသည်းထန်ပြီး ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ မယ်ဟောင်ဆောင်၊ ပန်မဖာ့၊ ခွန်ယုံး၊ မယ့်လားနွဲ့စတဲ့မြို့နယ်ထဲက မြစ်ချောင်းအနီးတဝိုက် ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ရေတွေ ဝင်လာတာလို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ခွန်ယုံးမြို့နယ်ထဲမှာ ခွန်ယုံးချောင်းရေလျှံကျပြီး တောင်ကျ‌ရေတွေပါ အရှိန်ပြင်းစွာ ဆင်းလာတာကြောင့် မယ့်ယုံးနွဲ့အုပ်စု မယ့်ကိုပီရွာက နေအိမ်အချို့ ရေထဲမျောပါသွားတယ်၊  ရွာလမ်းမှာလည်း တံတားကျိုးတာ၊ မြေပြိုတာတွေ ဖြစ်ပွားနေလို့ လူပေါင်း ၄၀၀ ကျော် ပိတ်မိနေပြီး သောက်ရေ အရေးပေါ်လိုအပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မနေ့ညနေပိုင်းက မူလတန်းကျောင်းသား ၄၀ ကျော်ဟာလည်း လမ်းတဘက်မှာရှိတဲ့ ကျောင်းကနေ ပြန်တဲ့လမ်းမှာ ရေတွေကြီးနေလို့ အိမ်ပြန်မရဘဲ ညစာငတ်ခဲ့ရကြောင်း၊ ကယ်ဆယ်ရေးတွေ ရောက်လာပြီး သူတို့တွေကို ဘေးလွတ်ရာပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပန်မဖာ့မြို့နယ် ဆွပ်ပေါင်အုပ်စုရှိ သုတေသနဌာန ခြံကြီးထဲမှာရော၊ ဟွေ့ဖာအုပ်စု ထမ့်ပလာဂူကြီး နဲ့ ထမ့်နမ့်လွတ်ဂူထဲမှာလည်း ရေတွေကြီးနေလို့ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တာကို ယာယီပိတ်ထားရတယ်လို့ ချန်နယ်လ် ၃ သတင်းမှာ ဖော်ပြပါတယ်။

ပိုင်းမြို့နယ်က ပိုင်းချောင်းရေဟာ စိုးရိမ်ရေမှတ် ၂ ဒသမ ၇၅ မီတာကို ကျော်လွန်ပြီး ၃ ဒသမ ၄၅ မီတာထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ပန်မဖာ့မြို့နယ် ဟွေ့ဖာအုပ်စုထဲမှာရှိတဲ့ မယ်ဟောင်ဆောင်ခရိုင်အဝင် ဟွေ့ဖာတံတားမှာလည်း ရေတွေကျော်နေလို့ အမှတ် ၁၀၉၅ လမ်းမကြီးကို ဒီကနေ့ ဩဂုတ် ၁၃ ရက် မနက် ၆ နာရီကစ ပိတ်ထားရပါတယ်။

တခြားခရိုင်ကနေ မယ်ဟောင်ဆောင်ကို လာမယ်ဆိုရင် မယ့်စရီးယန်း-မယ့်လာနွဲ့-ခွန်ယုံးလမ်းရှိ အမှတ် ၁၀၈ လမ်းမကြီးကသော်လည်းကောင်း၊ မဲ့ကျဲမ်-ခွန်ယုံး-မဲ့လမတ် လမ်းကနေ လည်းကောင်း လှည့်ပတ်ပြီး မယ်ဟောင်ဆောင်သို့ သွားရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခရိုင်ထဲမှာ ရေတွေကြီးပြီး လမ်းပြတ်တောက်လို့ သွားရေးလာရေး အဆင်မပြေတဲ့အပေါ် ခရိုင်ဝန် နိုင်းချူးချိပ် ဖုန်းခိုင်က ခရီးသွားပြည်သူတွေကို တောင်းပန်ကြောင်း၊ အမြန်ဆုံးပြေလည်အောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဦးစီးဌာနရဲ့ ဩဂုတ် ၁၃ ရက် မနက် ၆ နာရီ ထုတ်ပြန်ချက်အရ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မြို့နယ်တချို့၊ ချင်းမိုင်ခရိုင်ရှိ မဲ့ကျဲမ်မြို့နယ်၊ ဖယောဝ်းခရိုင်ရှိ မြို့နယ်တချို့၊ ထိုင်းအလယ်ပိုင်း အန်ထောင်းခရိုင် ပါမုတ်မြို့နယ်၊ အယုဒ္ဓယခရိုင် ဘန်ပန်၊ ဆေနား၊ ဖတ်ဟိုက်မြို့နယ် ရေကြီးရေလျှံမှု၊ တောင်ကျ ချောင်း‌ရေကျမှုတွေ ရှိနိုင်တာကြောင့် ရေနဲ့ပါလာတတ်တဲ့ အဆိပ်ရှိသတ္တဝါတွေရဲ့ ဘေးရန်၊ မီးကြိုးပြတ်တောက်မှုကြောင့် ရေထဲဓာတ်လိုက်မှု အန္တရာယ်တွေ သတိထားဖို့၊ ရေတံခွန်တွေမှာ သွားရောက်လည်ပတ်တာ ရှောင်ကြည်ဖို့၊ ယာဉ်မောင်းတွေ ဂရုစိုက်ဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

 Source:  Chiang Mai News / 3Plus News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013