
ရိုမေးနီးယားနိုင်ငံအလယ်ပိုင်း အာဂေးရှ် (Arges) ခရိုင်အတွင်းက ကျေးရွာတွေမှာ လမ်းဘေးခွေး တွေနဲ့ ရပ်ကွက်အတွင်း မွေးမြူထားတဲ့ ခွေးတွေကို အခမဲ့ သားဆက်ခြားပေးတဲ့ စီမံကိန်းတခုကို တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။
ဂျာမန် တိရစ္ဆာန်စောင့်ရှောက်ရေးအသင်း "တီးယာဟီးလ်ဖှဲ ဟော့ဖ်ှနွန်း" နဲ့ "စမြူရာ" တိရစ္ဆာန် ဂေဟာတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီစမ်းသပ်စီမံကိန်းဟာ မလိုချင်တဲ့ တိရစ္ဆာန်တွေကို သုတ်သင် ရှင်းလင်းတဲ့ အစိုးရရဲ့ မူဝါဒထက် ပိုမိုလူသားဆန်ပြီး ထိရောက်တဲ့ နည်းလမ်းရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ကလေးတစ်ဦး ခွေးကိုက်ခံရပြီး သေဆုံးခဲ့ပြီးနောက် လမ်းဘေးခွေးတွေကို ဖမ်းဆီးသုတ်သင်ခွင့် ပြုခဲ့ပေမဲ့ ၁၃ နှစ်အကြာအထိ လမ်းဘေးခွေး ကောင်ရေ ၅ သိန်းနီးပါး ရှိနေသေးတာကြောင့် ဥရောပမှာ လမ်းဘေးခွေး အများဆုံး နိုင်ငံတခုအဖြစ် ရှိနေဆဲပါ။ ဒါ့အပြင် တနိုင်ငံလုံးမှာရှိတဲ့ တိရစ္ဆာန်ဂေဟာ ၁၄၀ ကျော်မှာလည်း ခွေးတွေ ပြည့်ကျပ်နေပါတယ်။
တီးယာဟီးလ်ဖှဲ ဟော့ဖ်ှနွန်း မန်နေဂျာ မက်သီးယက်စ် ရှမစ်ထ် က "ဒီပြဿနာကို ရေရှည် ဖြေရှင်းချင်ရင်တော့ အောင်မြင်မှုရတဲ့အထိ နည်းလမ်းပေါင်းစုံနဲ့ သားဆက် ခြားပေးတာ တွေကို အပြင်းအထန် လုပ်ဆောင်သွားရပါမယ်" လို့ ပြောပါတယ်။
အဲဒီအဖွဲ့ဟာ ၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့ ပထမဆုံး သားဆက်ခြားရေးနဲ့ မှတ်ပုံတင်ရေးစခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး လာမယ့် ၅ နှစ်အတွင်း ခွေးတွေကို ကာကွယ်ဆေးထိုးပေးတာ၊ မှတ်ပုံတင်တာနဲ့ သားဆက်ခြားပေးတာတွေနဲ့ လမ်းဘေးခွေး ပြဿနာကို အပြီးတိုင် ဖြေရှင်းဖို့ လျာထားတာပါ။
အခုနှစ်အတွင်းမှာတင် စမြူရာ ဂေဟာနဲ့ ရွှေ့လျားဆေးခန်းတွေကနေတဆင့် ခွေးအကောင်ပေါင်း ၄ သောင်းနီးပါးကို သားဆက်ခြားပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
Source:Reuters











